ကျိုက်ထို၊ ဇန်နဝါရီ(၂၅)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် ဒေသခံ ၃၈၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ KNU သထုံခရိုင်က ဇန်နဝါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ ရွှေကျင်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၅၉၈) တပ်ရင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲက ဝင်းကံကျေးရွာအုပ်စုထဲကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဝင်းကံကျေးရွာနေ ကိုအောင်မိုးဦးရဲ့ ဈေးဆိုင်၊ ဦးသံကွေးနေအိမ်နဲ့ မဇင်မာဦးနေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီတပ်ရင်းတွေကနေ ကျိုက်ထိုမြို့နယ်ထဲကို လက်နက်ကြီး မကြာခဏပစ်ခတ်နေတဲ့အတွက် ဝင်းကံ၊ ဇီးပြောင်း၊ ပျဉ်းကတိုးကုန်း၊ ခရွဲကျေးရွာအုပ်စုက ဒေသခံ ၃၈၀၀ ကျော်ဟာ နေအိမ်စွန့်ခွာပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ဆိုထားပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ သူတို့တပ်ရင်းနဲ့တပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ လာရောက်တိုက်ခိုက်ရင် ကျေးရွာထဲလက်နက်ကြီးပစ်ခတ်မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် ဒေသခံတွေမနေရဲတော့ဘဲ ရွာတွေကိုစွန့်ပြီး ထွက်ပြေးနေရတာပါ။

ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် ဇန်န ဝါရီ ၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရှိထားတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.