ရန်ကုန်၊ ဇန်နဝါရီ(၂၄)

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်တပ်ပိုင်နယ်မြေမှာ ဆောက်လုပ်သွားမယ့် ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေဟာ စတင်ရောင်းခဲ့တဲ့ ၁၈ နာရီအတွင်းရောင်းကုန်ခဲ့တယ်လို့ အာဏာရှင်စနစ်အဆုံးသတ်ရေးအဖွဲ့ (EOD) က ထုတ်ပြန်ပါတယ်။

အဲဒီကွန်ဒိုတိုက်ခန်းတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာနက ဦးဆောင်ပြီး ဇန်နဝါရီ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်မှာ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ကွန်ဒိုတိုက်ခန်းပေါင်း အခန်း ၈၅၀ ကျော်ပါဝင်တဲ့ ရဲရင့်နွေဦးကွန်ဒိုရောင်းချမှုကနေ အမေရိကန်ဒေါ် လာ ၁၀ ဒဿမ ၃၅ သန်း၊ မြန်မာကျပ်ငွေ သိန်း ၃သောင်းနီးပါး ရရှိခဲ့တာပါ။

ကွန်ဒိုတိုက်ခန်း ရောင်းချမှုကနေရရှိခဲ့တဲ့ ဝင်ငွေတွေကိုတော့ ဘဏ္ဍာရေးဌာန ဆုံးဖြတ်ချက်အတိုင်း NUGရဲ့ လုပ်ငန်းစဉ်တွေမှာ ပြန်လည်သုံးစွဲသွားမယ်လို့ NUG စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းဇေယျာဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“NUG ကရတဲ့ ငွေကြေးတွေကိုတော့ NUG နဲ့ သက်ဆိုင်တဲ့နေရာအားလုံးမှာပေါ့နော် သုံးစွဲတာပဲ။ NUGရဲ့ စီမံဘဏ္ဍာက ရှာဖွေတဲ့ငွေတွေကို NUG ရဲ့ ဘဏ္ဍာကော်မရှင်က လုံကာရဲ့ဆုံးဖြတ်ချက်၊ ဘဏ္ဍာရေးကော်မရှင်ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ သွားတာပေါ့နော်” လို့ ပြောပါတယ်။

ရဲရင့်နွေဦးကွန်ဒို တိုက်ခိုက်အခန်းတွေဟာ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ၁၀၆ စစ်တပ်ပိုင် မြေနေရာကို ဥပဒေနဲ့အညီသိမ်းယူပြီး ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်သွားမယ့် စီမံကိန်းလည်းဖြစ်ပါတယ်။

စီမံကိန်းနေရာကို ဂရန်မြေအဖြစ်သတ်မှတ်မှာဖြစ်ပြီး အခန်းပိုင်ရှင်တွေက အချိုးကျပိုင်ဆိုင်ရမှာ ဖြစ်တယ် လို့လည်း အာဏာရှင်စနစ်အဆုံးသတ်ရေးအဖွဲ့ (EOD) က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့လည်း အခုလိုပရောဂျက်တွေကို ဆက်လုပ်သွားဖို့ ပြင်ဆင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ အားပေးကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.