မော်လမြိုင်၊ ဇန်နဝါရီ(၂၄)
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) ကို အာဏာသိမ်းကာလ ၂ နှစ်နီးပါးပြည့်ခါနီးမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အဖြစ် အသွင်ကူးပြောင်း ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ကို ပြည်နယ်အခြေပြု မွန်ပြည်ဖက်ဒရယ်ယူနစ်အဖြစ် သတ်မှတ်တယ်လို့ ဇန်နဝါရီ ၂၂ ရက်နေ့ကကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ပထမကြိမ် ညီလာခံအပြီး ကြေညာလာတာပါ။
လက်ရှိနိုင်ငံရေးအခြေအနေအရ အင်အားတောင့်တင်းခိုင်မာတဲ့ မွန်ပြည်နယ်သူ/သားတွေနဲ့ မွန်လူမျိုးတွေကို ကိုယ်စားပြုတဲ့ ပြည်နယ်ဖက်ဒရယ်ယူနစ်အဖွဲ့အစည်းတစ်ရပ် လိုအပ်နေတဲ့အတွက် ဇန်နဝါရီ ၁၅ ရက်နေ့မှာ MSICC ကနေ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အဖြစ် ဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပထမကြိမ်ညီလာခံကိုတော့ မွန်ပြည်နယ်က နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ (EROs)၊ အရပ်ဘက်အဖွဲ့အစည်းအင်အားစုတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေ ပြည်ပရောက်မွန်တွေနဲ့ ပအိုဝ်းလူမျိုး ကိုယ်စားလှယ်ပေါင်း ၈၀ ကျော် တက်ရောက်ခဲ့တာပါ။
ညီလာခံမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ၊ နိုင်ငံရေးလမ်းပြမြေပုံနဲ့အတူ ဖွဲ့စည်းပုံကိုအတည်ပြုနိုင်ခဲ့ပြီး တော်လှန်ရေးကာလ/ကြားကာလမှာ စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်တဲ့ မွန်ပြည်(နယ်)က အင်အားစုတွေကို စုစည်းသွားဖို့ ချမှတ်ခဲ့ပါတယ်။
တော်လှန်ရေးကာလ/ကြားကာလမှာ ကျင့်သုံးဖို့ အာဏာသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအစီအမံတွေကိုလည်း ချမှတ်နိုင်ခဲ့ပြီး မွန်ပြည်(နယ်)အတွင်းရှိ တော်လှန်ရေးအင်အားစုတွေအားလုံး အာဏာရှင်တိုက်ဖျက်ရေးမှာ ပါဝင်လာရေး စုစည်းသွားဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် ကောင်စီဝင် ၂၅ ဦးပါဝင်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီကို အောင်မြင်စွာဖွဲ့စည်းပြီး ကောင်စီကနေ ပြည်နယ်ကိုယ်ပိုင်ပြဌာန်းခွင့် အာဏာသုံးရပ်ကျင့်သုံးနိုင်ဖို့ ဆက်လက်ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ထုတ်ပြန်ထားတာပါ။
စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်ဟူသမျှတိုက်ဖျက်ရေး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးတို့မှာ မွန်ပြည်(နယ်)သူ/သားတွေ မွန်လူမျိုးတွေအနေနဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်သွားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်