ကျုံဒိုး၊ ဇန်နဝါရီ(၂၄)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကျုံဒိုးမြို့နယ်အတွင်း ဒီရက်ပိုင်းထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံအမျိူးသမီး ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ(၂၀)ရက်နေ့က KNU ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် မြေနီကုန်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာပါ။

ဒါ့အပြင် ဇန်နဝါရီ(၂၁)ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် KNU ကျုံဒိုးမြို့နယ် နောင်တလာကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့ပြီး ကလေးတစ်ဦးနဲ့ သက်ကြီးပိုင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အခုရက်ပိုင်းထဲ ကျုံဒိုးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းထဲကနေ ကျုံဒိုးမြို့အနီးရှိ ကျေးရွာတွေဘက်ကို ညစဉ် လက်နက်ကြီးပစ်ခတ်တာနဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့အတွက် ဒေသခံပြည်သူတွေ တိမ်းရှောင်နေရတဲ့အပြင် မိဂလုံ၊ ကမ်းနီ၊ ကော့ကျိုက်စတဲ့ ကျုံဒိုးမြို့အနီးရှိကျေးရွာတွေကို စစ်ကောင်စီတပ်က ရွှေ့ပြောင်းခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

KNU ကျုံဒိုးမြို့နယ်အတွင်းရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို ပြီးခဲ့တဲ့အပတ်က တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်မီးရှို့ခဲ့ပြီး ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းက စစ်ရေးဝင်ရောက်လှုပ်ရှားလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.