မော်လမြိုင် – ဇန်နဝါရီ(၂၄)

နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းချင်ပေမယ့် လူထုကို လက်နက်ကိုင်ပြီး ခုခံမှ ရတော့မယ့် အခြေအနေဖြစ်အောင် မြန်မာစစ်ခေါင်းဆောင်တွေ တွန်းပို့ခဲ့တာဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီလ(၂၄) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၃ ခုနှစ်အတွင်း (၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“စပြီးတဲ့ ဇာတ်ကိုဆုံးအောင် က ကြရမယ်လို့ ပြတ်ပြတ်သားသား ပြောချင်ပါတယ်။ ကျွန်တော် တို့ဟာ ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင်လည်း ကြိုးပမ်းလုပ် ဆောင်ကြမယ်။ အဆုံး သတ် အပြုတ်တိုက်ပွဲအတွက်လည်း လိုအပ်တာတွေကို အစစအရာရာ စနစ်တကျ ပြင်ဆင်ထား ကြရမယ်။ ကျွန်တော် တို့ ပြည်သူတွေ အရှုံးခံလို့ မရဘူး” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောခဲ့ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း(၇၀) ကျော်ကာလက ဖက်ဆစ်ဂျပန်နဲ့ ကိုလိုနီအင်္ဂလိပ်လက်အောက် ကနေ လွတ်အောင်ရုန်းထွက်ခဲ့ကြရတယ်။ အခုတော့ ကိုယ့်လူမျိုးအချင်းချင်း ဗိုလ်ကျလွှမ်းမိုးတဲ့ ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းဖို့ တော်လှန်နေကြရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါသေးတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ အင်မတန်ကြာညောင်းလာပြီဖြစ်သလို နွေဦးတော်လှန် ရေးမှာ အဆိုးထဲက အကောင်းတွေလည်း ရလိုက်တာရှိတယ်လို့ သိရပါတယ်။

အရင်အချိန်က လက်နက်ကိုင် ခုခံတော်လှန်ရေးကို ငြင်းချက်ထုတ်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် အများအပြားရှိခဲ့ပေမယ့် လက်ရှိ နွေဦးတော်လှန်ရေးကာလမှာ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကိုသာ ဗဟိုပြုထားရမယ်ဆိုတဲ့ အတွေ့အကြုံကို လက်တွေ့ သိလာကြပြီဖြစ်တယ်လို့ NUG ယာယီသမ္မတက ပြောခဲ့ပါတယ်။

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး အဆုံးသတ်တိုက်ပွဲအတွက် တော်လှန်ရေး သက်လုံတွေ မြှင့်တင်ထားကြဖို့၊ ခုခံတော်လှန်စစ်ကနေ အဆုံးသတ်တိုက်ပွဲဆီကို ဦးတည်နိုင်မှသာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ကို မျှော်လင့်နိုင်မှာဖြစ်ပြီး ပန်းတိုင်ရောက်ရှိဖို့ အားလုံးကြိုတင်ပြင်ဆင် ထားကြဖို့လည်း သတိပေးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.