ရေး၊ ဇန်နဝါရီ(၂၄)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ တံတားနီအလွန် ရေး-လမိုင်း မီးရထားသံလမ်းဘေးမှာ ဇန်နဝါရီ ၂၂ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက်က အသတ်ခံထားရတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသတ်ခံလိုက်ရတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ရထားသံလမ်းဘေး ခြုံထဲမှာသစ်ခက်တွေနဲ့ အုပ်ထားတဲ့ အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့တာပါ။

အဲဒီကလေးငယ်ဟာ နေအိမ်ကနေ နေ့လယ်ပိုင်းလောက်မှာ ထွက်သွားပြီး နေအိမ်ပြန်မလာတာကြောင့် မိဘတွေက လိုက်လံရှာဖွေစဉ် သူရဲ့ရော်ဘာခြံအနီးမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တာပါ။

အသတ်ခံလိုက်ရတဲ့ ကလေးငယ်မောင်မင်းတင်ဟာ ရော်ဘာခြစ်လုပ်သားဦးထွန်းဝေရဲ့သားဖြစ်ပြီး လက်နဲ့ဦးခေါင်းတွေမှာ ဓါးခုတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ကလေးငယ်ကိုသတ်ဖြတ်သူလို့ သံသယရှိသူ ရာဘာခြံလုပ်သား ၂ ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ရုပ်အလောင်းကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.