ထားဝယ်၊ ဇန်နဝါရီ(၂၄)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးကားလမ်းကို စစ်ကောင်စီနဲ့ ဒေသပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဘက်ကပါ ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်-ထီးခီးကားလမ်းကို လုံခြုံရေးအရ မသွားလာကြဖို့နဲ့ သတိပေးထားတဲ့ကြားက လိုက်နာတာမရှိဘဲ သွားလာပါက ဖြစ်လာတဲ့အကျိုးဆက်ကို တာဝန်မယူဘူးလို့ နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ KTLA ဆာကဆော့တပ်မတို့က ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပူးပေါင်းကြေညာချက် ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် ဇန်နဝါရီ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဘက်က ထားဝယ်-ထီးခီးကားလမ်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ဒေသခံတွေကို အသိပေးလာတာ ဖြစ်ပါတယ်။
နွေဦးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကတော့ ထားဝယ်-ထီးခီးကားလမ်းကို အသုံးပြုပြီး စစ်ကောင်စီ ဘက်က အင်အားအများအပြားနဲ့စစ်ကြောင်းထိုးပြီး လက်နက်တွေသယ်ဆောင်ဖို့ ပြင်ဆင်နေသလို အရပ်သား အသွင်နဲ့ ဝင်ရောက်လာတာတွေလည်းရှိနေလို့ ပစ်ခတ်စစ်ဆေးတာတွေ လုပ်ဆောင်ချိန် မဆိုင်တဲ့အရပ်သားပြည်သူတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် လမ်းပိတ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ ထားဝယ်-ထီးခီးကားလမ်းကို ဘာကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တာလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။
ထားဝယ်-ထီးခီးကားလမ်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေအတွက် ပိုမိုခက်ခဲလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထားဝယ်-ထီးခီးကားလမ်းမှာ စစ်ကောင်စီဘက်က နေရာယူတပ်စွဲထားသလို ဒေသပြည်သူ့ကာကွယ် ရေးတပ်ဘက်ကလည်း နယ်မြေစိုးမိုးထားတာတွေရှိနေလို့ စစ်ရေးအခြေနေတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။
ထားဝယ်-ထီးခီးကားလမ်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်အဖွဲ့က မကြာခဏဖြတ်သန်းသွားလာခွင့်ပိတ်နေသလို တိုက်ပွဲတွေလည်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားထားပြီး နှစ်ဖက်ထိခိုက်သေ ဆုံးတာတွေရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ထားဝယ်- ထီးခီးကားလမ်း