မော်လမြိုင်၊ ဇန်နဝါရီ(၂၄)

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အခြေခံပြည်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုနဲ့အတူ မိသားစုစားဝတ်နေရေး ပြဿနာတွေကြောင့် ဘဝရပ်တည်ရှင်သန်ဖို့ ပိုမိုခက်ခဲလာကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခြေခံပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း အခြေခံစားသောက်ကုန်အပြင် ကုန်ဈေးနှုန်းတွေအဆမတန်ကြီးမြင့်နေတာ၊ အလုပ်အကိုင်ရှားပါးလာတာနဲ့အတူ အလုပ်လက်မဲ့ ပြဿနာတွေကြောင့် ထမင်းနပ်မှန်ဖို့ပင် မနည်းရုန်းကန်နေရတာပါ။

တဖက်မှာတော့ အခြေခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်တွေအပြင် သွားလာခွင့် ကန့် သတ်ချက်တွေကြောင့် မိသားစုဝမ်းရေးပြဿနာကိုဖြေရှင်းဖို့ ပိုမိုခက်ခဲလာကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်ထက်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အခြေခံပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“ပထမကတော့ ကျွန်တော်ကတော့ ဒီအာဏာမသိမ်းခင် အချိန်တုန်းကတော့ ကိုယ့်ကိုယ်ပိုင်အလုပ်လေးနဲ့ ကိုယ့်မိသားစုစားဝတ်နေရေး၊ နေရေးထိုင်ရေး အစစအရာရာ အကုန်လုံးအဆင်ပြေတယ်။ လက်ရှိ အာဏာ သိမ်းပြီးတဲ့နောက်ပိုင်း အခုချိန်မှာတော့ ကျွန်တော်တို့ အလုပ်အကိုင်အခက်အခဲဖြစ်တယ်။ ရှိတာတွေ ရောင်းစား၊ ပေါင်စား၊ အလုပ်မဲ့အကိုင်မဲ့ဖြစ်တော့ ဒီနေ့စားပြီးရင် မနက်ဖြန်စားဖို့သောက်ဖို့အတွက်တောင် မနည်းကြိုးပမ်းပြီးတော့ ရှာနေရတယ်။ ဒီကြားထဲမှာ ကိုယ်တွေကလည်း မြေငှားနေတဲ့အခါကျတော့ အဲဒီအတွက်လည်း ပူရတယ်။ နေဖို့မရှိတဲ့အချိန်မှာ ကိုယ်ကလည်း အလုပ် လက်မဲ့ဖြစ်တဲ့အချိန် ဒီစားရေး၊ သောက်ရေးရယ်လို့ မဟုတ်ဘူးပေါ့၊ နေဖို့ထိုင်ဖို့အတွက်ပါ နည်းနည်းကျပ်တည်းလာတယ်။ အခုက တော်တော်လေး ကျွန်တော်ရုန်းကန်နေရတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အခြေခံပြည်သူတွေဟာ အလုပ်လက်မဲ့ဖြစ်မှုတွေကြောင့် ကြုံရာကျပန်းနေ့စားအလုပ်တွေ ဝင်လုပ်တဲ့နေရာမှာလည်း အရင်ကကျပ်(၁၅၀၀၀) ဝန်းကျင်ရရှိတဲ့ အလုပ်တွေဟာ အခုအခါမှာတော့ ကျပ် (၇၀၀၀) ဝန်းကျင်လောက်သာ ရရှိတော့တာကြောင့် ထိုက်သင့်တဲ့လုပ်အားခတွေ မရတော့တဲ့အတွက် စားဝတ်နေရေး ပိုမိုကျပ်တည်းလာတာ ဖြစ်ပါတယ်။

ကြုံရာကျပန်း နေ့စားအလုပ်တွေဟာလည်း ပုံမှန်ရရှိခြင်းမရှိပေမယ့် ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတဲ့အတွက် ချွေတာစားသောက်နေရသလို နေ့စဉ်စားသောက်နိုင်ဖို့အတွက်ပင် မနည်းရုန်းကန်နေရတယ်လို့ ဆိုကြပါတယ်။

အခြေခံပြည်သူတစ်ဦးကလည်း အရင်ကဈေးရောင်းတဲ့အလုပ်ရှိခဲ့ပေမယ့် လက်ရှိမှာအလုပ်လက်မဲ့ ဖြစ်နေရသလို ကျပန်းလုပ်ကာရတာလေးနဲ့ စားနေရတာကြောင့် ကလေးတွေကို ကျောင်းတောင်မထားနိုင်တော့ဘူးလို့ ပြောပါတယ်။

“အခက်အခဲက လုပ်လိုက်၊ စားလိုက်ပေါ့၊။ကျပ်တည်းတာပေါ့။ အလုပ်လက်မဲ့လည်း ဖြစ်တယ်။ အခါ တိုင်းဆိုရင် ကိုယ့်မှာကအလုပ်ရှိတယ်လေ။ ဈေးရောင်းတယ်။ အခု ဈေးရောင်းတဲ့ဟာတွေရော အကုန် လုံး ရောင်းလိုက်တယ်ဆိုတော့ ဘာအရင်းအနှီးမှလည်း မရှိတော့ဘူး။ ရောင်းတဲ့ပစ္စည်းတွေလည်း မရှိတော့ဘူး။ အဲဒီလို ဖြစ်နေတယ်။ ဒီလိုပဲ ကျပန်း ပန်းရံလိုက်လုပ်တယ်။ ပန်းရံလည်း ရှိတစ်ချက်၊ မရှိတစ်ချက်ပေါ့။ အဲဒီလို ဖြစ်နေတယ်။ ဆန်ဖိုးလေးရရင် ဘေးနားမှာ အရွက်လေးဘာလေး ခူးစား။ ရတာလေးကို ရလိုက်၊ စားလိုက် အလုပ်မရှိရင်တော့ စားဖို့မရှိပြန်ဘူးပေါ့။ အကြီးမလေးဆို အခုကျောင်းတက်ဖို့တောင် မတတ်နိုင်ဘူး။ ဆယ်တန်းကြီး လုံးဝကိုမထားနိုင်ဘူး”လို့ ဆိုပါတယ်။

အခြေခံပြည်သူတွေအနေနဲ့ အခုလိုအခြေအနေကို အချိန်ကြာမြင့်စွာ ရင်ဆိုင်ရပါက အငတ်ဘေးနဲ့ ကြုံတွေ့လာနိုင်သလို ခိုးဆိုလုနှိုက်မှုလိုမျိုး ရာဇဝတ်မှုတွေလည်း ပိုမိုများပြားလာနိုင်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက သုံးသပ်ပါတယ်။

တဖက်မှာတော့ အခြေခံပြည်သူတွေဟာ မိသားစုစားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် တဖက်နိုင်ငံတွေကို တရားမဝင်လမ်းကြောင်းတွေကတဆင့် သွားရောက်မှုများတဲ့အတွက် နေ့စဉ်နီးပါး ဖမ်းဆီးခံရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

အခုလို အခြေခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ပြန်လည်ကောင်းမွန်ဖို့အတွက်ဆိုရင် တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့လိုအပ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှသာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာမှာဖြစ်သလို အလုပ်အကိုင်တွေလည်း ပြန်လည်ကောင်းမွန်လာမှာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းထားတဲ့ (၂)နှစ် နီးပါးကာလအတွင်း ကုန်ပစ္စည်းဈေးနှုန်း အဆမတန် မြင့်တက်ပြီး စီးပွားရေးလုပ်ငန်းတွေမှာ စစ်ကောင်စီရဲ့ မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေအပြင် တခြားလုပ်ငန်းအများစု လုပ်ငန်းလျော့ချတာတွေရှိသလို လုပ်ငန်းရပ်နားထားရတာတွေရှိတာကြောင့် အခြေခံပြည်သူ ထောင်နဲ့ချီအလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.