တောင်ငူ – ဇန်နဝါရီ(၂၃)

ရန်ကုန် – မန္တလေးအမြန်လမ်းမိုင်တိုင် (၁၆၁) အနီးမှာ UG တော်လှန်ရေးရဲဘော်တွေကို အသွင်ယူဖမ်း ဆီးနေတဲ့ ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်(ဒုဗိုလ်မှူးကြီး အစမ်းခန့်) နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၆ ပူးပေါင်း အဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ Bago Region PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်ဖမ်းဆီးခံလိုက်ရသူတွေဟာ ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည် လမ်း North Point – Ocean စင်တာ အနီးအမှတ်(၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်က စစ်ကြောရေးတာဝန်ခံ စရက(၁)တပ်မှူးဗိုလ်မှူးသန်းထွဋ်(ဒုဗိုလ်မှူးကြီး အစမ်းခန့်)နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ ဖြစ်တယ်လို့သိရပါတယ်။

သူတို့တွေဟာတော်လှန်ရေးရဲဘော်တွေရဲ့ သတင်းကွင်းဆက်တွေကို လိုက်လံစုံစမ်းပြီး လက်နက်တွေ ဝယ်ယူမယ် လို့ အကြောင်းပြကာ ဖမ်းဆီးတာတွေ ပြုလုပ်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကြောရေးတာဝန်ခံ စရက(၁)တပ်မှူးဗိုလ်မှူးသန်းထွဋ်(ဒုဗိုလ်မှူးကြီး အစမ်းခန့်) နဲ့ တပ်ကြပ်ကြီး တို့ လိုက်ပါလာတဲ့ ယာဉ်အမှတ် YGN 2N 6158 OYOTA VANGUARD နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်း အတိုင်းထွက်ခွာလာပြီဖြစ်တယ်လို့ YUA အဖွဲ့ ကသတင်းပို့ခဲ့လို တော်လှန်ရေးတပ်ဖွဲ့တွေက ကင်းပုန်းဝပ် စောင့်ဆိုင်ပြီး ကားကို ရပ်တန့်စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။

ပိတ်ဆို့ဖမ်းဆီးစစ်ဆေးချိန်မှာ သူတို့နှစ်ဦးက အသင့်ပါလာတဲ့ လက်နက်တွေနဲ့ ပြန်လည်ခုခံတဲ့ အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးချိန်မှာ သူတို့နှစ်ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံး သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား(၂)ဦးဆီကနေ 9MM ပစ္စတို(၂)လက်၊ကျည်(၁၂)တောင့်၊ ယာဉ်လိုင်စင်နဲ့ စာရွက်စာတမ်းတချို့ သိမ်းဆည်းရမိခဲ့ပြီး မော်တော်ယာဉ်ကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Bago Region PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့ အတူပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာချိန်မှာ လက်နက်လုယူထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ဆင်ရေးမှာပါဝင်လှုပ်ရှားခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာမရရှိဘဲ အောင်မြင် စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ Bago Region PDF အဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Bago Region PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.