ကျိုက်ထို၊ ဇန်နဝါရီလ (၂၃)

ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနေ ဖေ့ဘွတ်ခ် ဆယ်လီအောင်ချမ်းအေး ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က)နဲ့အမှုဖွင့်ခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ ကိုအောင်ချမ်းအေးဟာ ပြင်ဦးလွင်ကနေ ကော့ထင်းကျေးရွာရှိ နေအိမ်ကို ပြန်လာချိန် စစ်ကောင်စီအဖွဲ့က လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့က သူခရီးကနေအိမ်ပြန်လာတာ အိမ်ရောက်ပြီးမကြာဘူး ဖမ်းခံလိုက်ရတယ်။ တစ်ခုဘဲ အံသြတာ သူ အိမ်ရောက်ပြီး မကြာဘူး ဖမ်းခံလိုက်ရတာဆိုတော့ ဘယ်သူသတင်းပေးလဲဆိုတာဘဲ။ ခုတော့ သူကို ၅၀၅ နဲ့အမှုဖွင့်ထားတယ်။ ကျိုက်ထိုရဲစခန်းမှာလို့တော့ သိရတယ်။ ကျန်တာမသိရဘူး”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းစမှာ ကိုအောင်ချမ်းအေးဟာ အများနည်းတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေမှာ ပါဝင်ခဲ့လို့ စစ်ကောင်စီဘက်က ၅၀၅ (က)နဲ့အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေပြီးချိန်မှာ အောင်ချမ်းအေးဟာ ထိုင်းနိုင်ငံကိုတိမ်းရှောင်သွားပြီးနောက် အွန်လိုင်းကနေ ဈေးရောင်း တာ၊ ဗီဒီယိုဇာတ်လမ်းတိုလေးတွေ ရိုက်ကူးတာလုပ်ခဲ့တာပါ။

အဖမ်းမခံရခင် ၅ ရက်ခန့်က အောင်ချမ်းအေးဟာ မန္တလေးနဲ့ပြင်ဦးလွင်တို့မှာ ကြော်ငြာတွေ ရိုက်ကူးပြီး ပြန်လာချိန်မှာ အခုလိုအဖမ်းခံရတာဖြစ်တယ်လို့ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီအာဏာသိမ်းချိန် ဆန္ဒပြသူတွေနဲ့လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်းရေး ရေးသားသူတွေနဲ့ NUG၊ PDF ထောက်ခံသူတွေကို တရစပ်ဖမ်းဆီးနေတာဖြစ်ပါတယ်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တွေကလည်း ကျိုက်ထိုမြို့နယ်ထဲက CDM ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးဖို့ ဖိအားပေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် PDF ထောက်ပံ့သူတွေနဲ့ ပတ်သက်ဆက်စပ်သူတွေလို့ဆိုကာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံပြည် သူတွေကို ဖမ်းဆီးအမှုဖွင့်ထားသူ ၅၀ ဦးထက်မနည်းရှိနေပြီး အချို့ကိုတော့ ငွေတောင်းယူကာ ပြန်လွှတ်ပေး တာတွေလဲရှိနေတာ ဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.