ရန်ကုန် – ဇန်နဝါရီ(၂၃)

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေကို ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းတွေက လိုက်လံဖမ်းဆီးပြီး ရိုက်နှက် သတ်ဖြတ်ခဲ့တာကို ပြန်လည်တာဝန်ယူရမယ်လို့ မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၁) ရက်နေ့က ငွေတောင်စားသောက်ဆိုင်နဲ့ ကပ်လျက်မှာ ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို UG လူငယ်နှစ်ဦးက ဗုံးနဲ့ပစ်ပြီး ထွက်ပြေးချိန်မှာ အဲဒီဆိုင်က ဝန်ထမ်းတွေက လိုက်လံဖမ်းဆီးပေးခဲ့တဲ့အတွက် တစ်ဦးဖမ်းဆီးခံရပြီးနောက် ဝန်ထမ်းတွေရဲ့ ရိုက်နှက်သတ်ဖြတ်ခံ လိုက်ရတာပါ။

ငွေတောင်စားသောက်ဆိုင်ရာ စစ်တပ်အရာရှိဟောင်းပိုင်တဲ့ ဆိုင်ဖြစ်ပြီး အာဏာ သိမ်းကာစ ဆန္ဒပြချိန်မှာထဲက ပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးဖြိုခွင်းတဲ့ စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ရဲတွေကို အခမဲ့ကျွေးမွေးခဲ့တဲ့ဆိုင်ဖြစ်တယ်လို့ သိရပါတယ်။

“ပြောချင်တာကတော့ အခုလက်ရှိဖြစ်သွားတဲ့ ဖြစ်စဉ်ကြီးက တကယ်ကို၊ လုံးဝကို မဖြစ်သင့်တဲ့ ဖြစ်စဉ်မျိုးပေါ့။ အကုန်လုံးကိုတော့ ခြုံပြီးမပြောချင်ပါဘူး၊ ကာယကံရှင်တွေနဲ့ ပတ်သက်တဲ့ သူတွေ၊ အားပေးအားမြောက်ပြုသူတွေက ဒီလုပ်ရပ်အပေါ် ပြန်ပြီးတာဝန်ခံရလိမ့်မယ်၊ ဒီအပေါ် မှာ သူတို့ ပြန်ပြီးတာဝန်ယူရလိမ့်မယ်။ ဒါကိုတော့ အတိအကျပြောချင်တယ်” လို့ Yangon UG Association (YUA) တာဝန်ခံ ဆရာကျောင်းက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ မြို့ပြတော်လှန်ရေးရဲဘော်တွေကို နိုင်တဲ့ဘက်က ကူညီပေးဖို့နဲ့ ထောက်ခံမှု၊ယုံကြည်မှု နဲ့ ပူးပေါင်းပါဝင်မှုတွေရှိမှ မြို့ပြတော်လှန်ရေးသမားတွေရဲ့ လုပ်ငန်း တွေပိုမိုထိရောက်မှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

မြို့ပြတော်လှန်ရေးရဲဘော်ကို ရိုက်နှက်သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူတွေက မကျေမနပ် ဖြစ်နေပြီး အဲဒီဆိုင်ကို သပိတ်မှောက်ဖို့ ပြောဆိုတာတွေ ရှိနေပါတယ်။

လက်တလောမှာတော့ ငွေတောင်စားသောက်ဆိုင်ကို ပိတ်ထားပြီး အဲဒီအနီးတဝိုက်မှာ ရဲကား တွေလှည့်နေကာ ကင်းပုန်းတွေချထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

“ သူတို့ကို မကျေနပ်လို့ ပြန်လာလုပ်မယ်ထင်နေတာပါ။ ရဲတွေစောင့်နေတာတွေ့တယ်။ အရပ်ဝတ် တွေနဲ့ ကင်းပုန်းချထားတာတွေလည်းရှိနေတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

မြို့ပြတော်လှန်ရေး ရဲဘော်တွေကတော့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာအဖွဲ့အစည်း လူပုဂ္ဂိုလ် တွေကို မပတ်သက်ဘဲ ရှောင်ရှားသွားလာဖို့ စစ်တပ်ထုတ်ကုန်တွေကို ဆန့်ကျင်ဖို့ တိုက်တွန်းထား ကြပါတယ်။

ရန်ကုန်မြို့ပြ တော်လှန်ရေးရဲဘော်တွေကို စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေက ဖမ်းဆီး စစ်ဆေးမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေပြီး CCTV ကို အများဆုံးခြေရာခံဖမ်းဆီးတာတွေလုပ်နေ တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.