မြိုင် – ဇန်နဝါရီ(၂၁)

မကွေးတိုင်း မြိုင်မြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ဗဟင်း တိုက်နယ်ဆေးရုံကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် PDF ရဲဘော် နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံအသက်(၆၀) အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ ဇန်နဝါရီလ(၂၁) ရက်နေ့လည်ပိုင်းက မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ပြည်သူတွေဆေးဝါကုသနေတဲ့ တိုက်နယ်ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာပါ။

“မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်က မြိုင်မြို့နယ် ဗဟင်းရွာကို ဖိုက်တာနဲ့ ပစ်သွားတာ။ ရဲဘော် နှစ်ယောက် ဒါဏ်ရာရတယ်။ တစ်ယောက်လက်ကျိုး၊ တယောက်ခေါင်းထိထားတယ်။ ဗဟင်း တိုက်နယ်ဆေးရုံနောက်က အဘွားအိုတဦး သေဆုံးခဲ့တယ်” လို့ ဗဟင်းဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ တိုက်နယ်ဆေးရုံရဲ့ ဓာတ်မှန်ခန်းအပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ဓာတ်မှန်ခန်း ပျက်စီးသွားတယ်လို့ သူက ပြောပါသေးတယ်။

ဒီဖြစ်စဉ်ကြောင့် ဆေးရုံတက်ရောက်ကုသနေရတဲ့ မီးဖွားလူနာနဲ့ တခြား လူနာ(၅၀) ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ လက်တလောသိရပြီး နောက်ဆက်တွဲထိခိုက်မှု အခြေအနေတွေကိုတော့ သံလွင်တိုင်းမ် အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တွေကြောင့် အရပ်သား (၂၀၀) ကျော်သေဆုံးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံတုံ့ပြန်ဖို့အတွက် ပြင်ဆင်ဆောင် ရွက်နေပြီလို့ အမျိုးသားညီညွတ်အစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သံလွင်တိုင်းမ်ကို ပြောထားပါတယ်။

NUG က လေယာဉ်ပစ် လက်နက်တချို့ ပိုင်ဆိုင်ထားပေမယ့် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ တုံ့ပြန်တိုက်ခိုက်တာတွေ မလုပ်သေးတဲ့အတွက် ပြည်သူတွေကြား ဝေဖန်မှု တွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ကောင်စီလာရောက်ပစ်ခတ်ခဲ့တဲ့ လေယာဉ်ပုံ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.