မော်လမြိုင်၊ ဇန်နဝါရီ(၂၂)
ထိုင်းဘတ်ငွေဈေးနှုန်း ပြန်လည်မြင့်တက်လာမှုနဲ့အတူ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် မွန်ပြည်နယ်မှာ ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထိုင်းဘတ်ငွေဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီပထမပတ်အတွင်း ဘတ်ငွေ (၁)ဘတ်ကို ကျပ် (၈၀) ဝန်းကျင် လောက်သာ ပေါက်ဈေးရှိရာကနေ လက်ရှိဇန်နဝါရီ ဒုတိယပတ်အတွင်း (၈၆) ကျပ်ဝန်းကျင်ထိ ဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့တာပါ။
ထိုင်းဘတ်ငွေဈေးနှုန်း ပြန်လည်မြင့်တက်လာတာကြာင့် ထိုင်းနိုင်ငံကနေမှာယူတင်သွင်းတဲ့ ကုန်ပစ္စည်းတွေဟာ အမျိုးအစားပေါ်မူတည်ပြီး ကျပ်(၁၀၀၀)ကနေ ကျပ်(၃၀၀၀) ဝန်းကျင်လောက်ထိ ဈေးနှုန်းထပ် မံမြင့်တက်လာတာ ဖြစ်ပါတယ်။
ထိုင်းကုန်ပစ္စည်း ဈေးနှုန်းထပ်မံမြင့်တက်လာတာဟာ ထိုင်းနိုင်ငံဘက်က ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်လာလို့ မဟုတ်ဘဲ မြန်မာငွေကြေးတန်ဖိုး ကျဆင်းလာတာကြောင့်သာဖြစ်ပြီး မြန်မာငွေကြေးမူဝါဒတည်ငြိမ်မှသာ ဈေးနှုန်းပြန်လည်တည်ငြိမ်နိုင်မယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“ဘတ်ဈေးလေးတော့ နည်းနည်းတက်လာတာပေါ့။ တို့ မြန်မာငွေကြေးက အရင်ထက်စာရင် မဆိုသ လောက်လေး ပြန်ကျချင်နေတယ်။ ထိုင်းကုန်ပစ္စည်းက ဈေးတက်တာမဟုတ်ဘူး။ မြန်မာငွေဈေးကျသွားတာ။ ထိုင်းကုန်ပစ္စည်းက ဥပမာ- ငါးဘတ်တန်ပစ္စည်းက ငါးဘတ်ပဲ။ ဟိုးအရင်ထဲကဝယ်လဲ ငါးဘတ်ပဲ။ အခုဝယ်လဲငါးဘတ်ပဲ။ ထိုင်းကုန်ပစ္စည်းက အဲဒီလိုတက်နေတာမဟုတ်ဘူး။ ငွေဈေးက တက် နေတာ။ ဥပမာ- အခုဆိုရင် (၈၆)လောက် ဖြစ်သွားတဲ့အခါကျတော့ အဲဒီမှာတင်ဘဲ ထိုင်းကုန်ပစ္စည်းက ဈေးတက်သွားတယ်လို့တော့ လူတွေကပြောကြတာပေါ့ကွာ။ ကမ္ဘာ့ငွေကြေးဈေးနှုန်းမှာတင် ထိုင်းဘတ်ကတက်သွားတော့ကွာ ကိုယ်တို့နိုင်ငံက ဈေးကျသွားတယ် ငွေတန်ဖိုးက။ မြန်မာငွေကြေးစနစ်ပေါ့ တည်ငြိမ်ရင်တော့ စီးပွားရေးကောင်းမှာပေါ့။ အဓိကတော့ မြန်မာငွေကြေးတည်ငြိမ်အောင် ငွေကြေးမူဝါဒကို တည်ငြိမ်အောင် ထိန်းနိုင်ရင်တော့ မဆိုးဘူးပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာ ထိုင်းကုန်ပစ္စည်းတွေကို မှာယူတင်သွင်းတဲ့နေရာမှာလည်း လမ်းခရီးမှာတိုက်ပွဲတွေကြောင့် သွားလာရေး အခက်အခဲရှိသလို အချိန်ကြန့်ကြာမှုတွေရှိခဲ့တဲ့အတွက် ကုန်ကျစရိတ် ပိုမိုကုန်ကျတာကြောင့် ကုန်ပစ္စည်းတွေပါ ဈေးနှုန်းလိုက်တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်းပြန်လည်ကျဆင်းစေဖို့အတွက်ဆိုရင် စစ်ကောင်စီအနေနဲ့ မြန်မာ့ငွေကြေးတန်ဖိုး ပြန်လည်မြင့်တက်အောင် လုပ်ဆောင်ဖို့လိုအပ်ပြီး မလုပ်ဆောင်ပါက ဈေးနှုန်းဆက်လက်မြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်တာပါ။
မွန်ပြည်နယ်မှာတော့ ထိုင်းနယ်စပ်ဖြစ်တဲ့ မြဝတီမြို့မှတဆင့် ထိုင်းကုန်ပစ္စည်းဝင်ရောက်မှုအနေနဲ့ အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေအပြင် အထွေထွေသုံးကုန်ပစ္စည်းတွေပါ နေ့စဉ်နီးပါးဝင်ရောက်နေတာ ဖြစ်ပါတယ်။
ထိုင်းဘတ်ငွေဈေးဟာ စစ်တပ်အာဏာမသိမ်းခင် NLD အစိုးရလက်ထက်က ဘတ်ငွေ (၁)ဘတ်ကို မြန်မာငွေ ကျပ်(၃၀)ကျော်သာရှိရာကနေ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဈေးနှုန်း (၂)ဆကျော် မြင့်တက်လာ တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
All reactions:218218