မော်လမြိုင် – ဇန်နဝါရီ(၁၉)
မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဓိက တွန်းအားတစ်ခုဖြစ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှား မှု (CDM) မှာ အစိုးရဌာနပေါင်းစုံက ဝန်ထမ်းတွေ ပါဝင်လာဖို့ လှုံဆော်တိုက်တွန်းမှုတွေ အများအပြားရှိခဲ့ပါတယ်။
အစိုးရဝန်ထမ်းတွေ အလုပ်ကထွက်လိုက်ရင် စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားကို ရပ်တန့်စေ နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ NUG က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့ပေးမယ်လို့ ပြောဆိုတာတွေရှိခဲ့တာပါ။
လက်ရှိနွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးကို အသွင်ကူးပြောင်းလာတာနဲ့ အမျှ စစ်မှုထမ်းတွေရဲ့ လုပ်ငန်းခွင်စွန့်ခွာရေးအပေါ်အလေးပေးမှုတွေ ပိုမိုအားကောင်းလာတယ်လို့ သိရပါတယ်။
စစ်ကောင်စီက PDF တွေဟာ လုပ်ငန်းခွင်မှာ ဆက်လက်လုပ်ကိုင်နေသူတွေကို သတ်ဖြတ်နေ တယ်လို့ အပြစ်တင်တဲ့ နည်းလမ်းကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေတာကို သတိပြုဖို့ ဉာဏ်လင်းသစ် သုတေသန အဖွဲ့က တိုက်တွန်းထားပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ လူတန်းစားပေါင်းစုံက ပုံစံမျိုးစုံနဲ့ မိမိတို့ရဲ့ သဘောဆန္ဒအရ ပါဝင်နိုင်တာဖြစ်တဲ့အတွက် စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ် နေပေမယ့် လုပ်ငန်းနှေးကွေးအောင်လုပ်ဆောင်တာ ၊ရပ်တန့်အောင်လုပ်ဆောင်တာနဲ့ တော်လှန်ရေး အင်အားစု တွေအပေါ် ထောက်ပံ့ပေးတာတွေ ပါဝင်နေတာကို မေ့ပျောက်လို့ မရဘူးလို့ လည်း ဆိုထားပါတယ်။
တခြားတဘက်မှာလည်း နွေဦးတော်လှန်ရေးမှာ ဖရဲသီး လိုပါဝင်သူတွေရှိနေတာ မေ့လို့ရမှာ မဟုတ်ဘဲ စစ်ကောင်စီ ဝန်ကြီးဒေါ်သက်သက်ခိုင်ရဲ့ Zoom Meeting မှာ “လုံးဝအုပ်ချုပ်ခွင့် မရစေရ” ဆိုပြီး ဝင်ရောက်ဆန္ဒပြခဲ့တဲ့ လှုပ်ရှားမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
စစ်သားတွေ တပ်ကိုစွန့်ခွာရင် ငွေကြေးထောက်ပံ့မှုတွေ ပေးမယ်ဆိုတဲ့ ထုတ်ပြန်မှုတွေ ရှိနေ သလို လက်နက်နဲ့ အလင်းဝင်ရင်၊ တင့်ကား၊လေယာဉ်အစရှိတာတွေကို ဖျက်ဆီးပြီး အလင်း ဝင်လာရင် လုံခြုံရေးနဲ့ ငွေကြေးထောက်ပံ့ပေးမယ်ဆိုပြီး တော်လှန်ရေးအစိုးရက ကြေညာထား တာဖြစ်ပါတယ်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုအပေါ် ပင်မ တော်လှန်ရေးအင်အားစုရဲ့ အခန်းကဏ္ဍ ဆိုတဲ့ စာတန်းကို မြန်မာဘာသာhttps://bit.ly/3ZGrzS2 အင်္ဂလိပ်ဘာသာ – https://bit.ly/3iQFKTR နှစ်ဘာသာနဲ့ ဒေါင်းလုပ်ရယူဖတ်ရှု့နိုင်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်