မော်လမြိုင်၊ ဇန်နဝါရီ(၂၀)
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ အထွေထွေအကျပ်အတည်းကြောင့် ၂ နှစ်အတွင်း စီးပွား ရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းလောက်သာ လုပ်ငန်းလည်ပတ်နိုင်တော့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်နီးပါးကာလအတွင်း မြန်မာ့ငွေကြေး တန်ဖိုးကျဆင်းပြီး ကုန်ကြမ်းပစ္စည်းဈေးနှုန်းအဆမတန် မြင့်တက်လာတာ၊ လျှပ်စစ်မီး မမှန်တာ၊ လောင်စာဆီဈေးနှုန်းအပြင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် လုပ်ငန်းတွေဆက်လက် လည် ပတ်ဖို့ အခက်ကြုံနေရတာပါ။
တဖက်မှာတော့ စီးပွားရေးလုပ်ငန်းတွေဟာ ဘဏ်စနစ်ပုံမှန်မလည်ပတ်နိုင်သေးတာ၊ စစ်ကောင်စီရဲ့ သွင်းကုန်ပို့ကုန်ကန့်သတ်ချက်တွေ ၊ မလိုလားအပ်တဲ့ ထိန်းချုပ်မှုဒဏ်ကိုလည်း အကြီးအကျယ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ အာဏာသိမ်းမှုကြောင့် စီးပွားရေးလုပ်ငန်အများစု ဆက်လက် ရပ်တည်ဖို့ မနည်းကြိုးပမ်းနေရသလို လုပ်ငန်း ၅၀ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နိုင်တော့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စီးပွားရေးကတော့ တကယ်တမ်း မွန်ပြည်နယ်တစ်ခုလုံးတော့ ကဏ္ဍတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့လေ။ ဥပမာ ခရီးသွားလုပ်ငန်းဆိုရင်တော့ ဘယ်လိုမှ ပုံမှန်ပြန်မရောက်သေးဘူး။ ဟိုတယ်ဆိုရင်လည်းတချို့သော ပြည်တွင်းခရီးသည်တွေကိုပဲ ပစ်မှတ်ထားတဲ့ ဒီတန်ဖိုးနည်းတဲ့ ဟိုတယ်တွေကျတော့ နည်းနည်းတော့ရတယ်။ ဟိုတယ်ပိုင်း၊ ခရီးသွားလုပ်ငန်းပိုင်းဆိုရင်တော့ (၅၀) ရာခိုင်နှုန်းလောက်တော့ ပြန်လည်ပတ်တာပေါ့နော်။ ဒီကုန်ထုတ်လုပ်မှုအပိုင်းမှာကျတော့လည်း သိပ်တော့မငြိမ်သေးဘူး။ ငွေဈေးတွေကလည်း အခုထိကတော့ ငြိမ်တယ်လို့တော့ ပြောလို့မရသေးဘူးပေါ့လေ။ မြန်မာငွေကကျတဲ့ဘက်မှာပဲရှိနေသေးတာ။ ကုန်ထုတ်လုပ်မှုအပိုင်းတွေကလည်း ဒီသယ်ယူပို့ဆောင်ရေးကိစ္စမှာ ကြန့်ကြာမှုတွေ တော်တော်များတယ်လေ။ ညောင်ခါးရှည်ဆိုရင် ကုန်ကားတွေက အနည်းဆုံး အဲဒီမှာပဲ(၂)ရက်လောက် အချိန်ကုန်ကြတာ။ ကုန်ဈေးနှုန်းတွေ၊ ကားခတွေ၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေက တက်တာပေါ့။ အရင်တုန်းက (၁၀၀) ရာခိုင်နှုန်းလည်ပတ်တယ်ဆိုရင် အခုချိန်မှာတော့ (၅၀) ရာခိုင်နှုန်းလောက်တော့ ပြန်လည်ပတ်ကြတာပေါ့လေ”လို့ ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ မနည်းကြိုးပမ်းနေရတဲ့အချိန်မှာ အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စီးပွားရေးအတိုင်းအတာတစ်ခုအထိ တိုးတက်လာတယ်လို့ ဆိုလာတာပါ။
စစ်ခေါင်းဆောင်က ၂၀၂၁ – ၂၀၂၂ ခုနှစ် ပထမ ၆ လတာကာလအတွင်း နိုင်ငံစီးပွားရေး အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်ရောက်ရှိလာခဲ့သလို ဒုတိယ ၆ လတာကာလမှာလည်း ၃ ဒသမ ၄ ရာခိုင်နှုန်းထိ ပြန်လည်တိုးတက်လာတယ်လို့ ပြောပါတယ်။
စီးပွားရေးတိုးတက်လာတာဟာ ပြည်တွင်းမှာရှိတဲ့ ရေ၊ မြေသယံဇာတတွေ၊ လယ်ယာ၊ သားငါးကဏ္ဍတွေ၊ သစ်တောကဏ္ဍတွေ လူသားအရင်းအမြစ်တွေရဲ့ ဆောင်ရွက်နိုင်မှုတွေကို အသုံးချနိုင်တာကြောင့် နိုင်ငံစီးပွားရေးတိုးတက်လာခဲ့တာလို့ စစ်ခေါင်း ဆောင်က ပြောဆိုထားပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ အာဏာသိမ်းမှုကြောင့် လုပ်ငန်းတွေကို မပြိုပျက်အောင် ထိန်းထားတဲ့ အနေအထားတစ်ခုလောက်သာရှိပြီး မထိန်းနိုင်တဲ့လုပ်ငန်းတွေကို နားလိုက်ရတာရှိနေတယ်လို့ ဆိုပါတယ်။
“ကိုယ်တို့လုပ်ငန်းရှင်တွေက မပြိုလဲအောင်ပေါ့၊ ဘယ်လုပ်ငန်းမဆို ကြိုက်တဲ့လုပ်ငန်းကြည့်။ ဘဏ်လုပ်ငန်းတွေကနေ အောက်ခြေဈေးသည်တွေထိကို ကြည့်လိုက်။ လုပ်ငန်းမပြိုပျက်အောင်၊ မိသားစု ထမင်းဝအောင်ပဲ လုပ်နေရတာ။လူတိုင်းက အကြွေးတွေပရပွနဲ့။ အစိုးရမှာလည်း အကြွေးရှိတယ်ကွာ။ ရှိသမျှလူတွေ အကုန်လုံးက အကြွေးတွေနဲ့ပဲပတ်ပြီးတော့ လုပ်ငန်းမပြိုပျက်အောင်ပေါ့။နိုင်ငံတော်ရဲ့စီးပွားရေးက ကောင်းနေတာမဟုတ်ဘူး။ ပြိုပြီးမပျက်မယ့်အဆင့်ကို မပျက်အောင်ထိန်းထားတဲ့ အနေ အထားပဲ။ ကိုယ်တို့ဆိုကွာ ဒီ(၂)နှစ်အတောအတွင်းမှာ (၁)နှစ်တောင့်ခံတယ်၊ ဒုတိယနှစ်မှာ တောင့်မခံနိုင်တော့ဘူး၊ ကိုယ်တွေဆို နားလိုက်ရတယ်။ ဒါစီးပွားရေးအဆင်မပြေခြင်းရဲ့ ပြယုဂ်ဘဲလေ။ လုပ်ငန်း (၃)ခု (၄)ခု (၅)ခုလောက် ရှိတဲ့သူက (၃)ခု လောက်ပိတ်သွားတယ်။ ဒီဟာကို နာလန်ထူဖို့အတွက်ကလည်း နောက်ထပ် (၂)နှစ် (၃)နှစ်လောက် ထပ်လိုတယ်။ နောက်ရင်းနှီးမြှုပ်နှံမှု ကောင်းလာမှဖြစ်မယ်။ ဒီအတိုင်းဆိုလို့ရှိရင်တော့ ကိုယ်နိုင်ငံထဲက ပိုက်ဆံနဲ့ ကိုယ့်နိုင်ငံအနေအထားနဲ့ဆိုရင်တော့ မလွယ်ဘူး” လို့ ဆိုပါတယ်။
သုတေသနအဖွဲ့တစ်ခုရဲ့ အစီရင်ခံစာတစ်စောင်အရ မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှု နောက်ဆက်တွဲဆိုးကျိုးဟာ အခြေခံကုန်ပစ္စည်းတွေနဲ့ လောင်စာဆီဈေးနှုန်းတိုးမြင့်လာတာ၊ အလုပ်အကိုင်ရှားပါးတာ၊ စီးပွားရေးလုပ်ငန်း ရပ်နားထားရတာ၊ ပြည်တွင်းဘဏ်စနစ်နဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုကြောင့်လို့ ထောက်ပြပါတယ်။
စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်မှုနဲ့အတူ အလုပ်လက်မဲ့မှုနှုန်း ဆက်လက်မြင့်တက်နေတာကြောင့် ကျွမ်းကျင်အလုပ်သမားအများစု ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်မှု ဆက်လက်မြင့်တက်နေတာပါ။
မွန်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး၊ မွေးမြူရေး၊ အထည်ချုပ်နဲ့ ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းအများစုဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အထိနာနေသလို အဲဒီလုပ်ငန်းတချို့ဟာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် အပြီးပိုင်ရပ်နားရတဲ့အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
သတင်း -သံလွင်တိုင်းမ်