မင်းဘူး – ဇန်နဝါရီ(၁၉)

ကျိုက်ထီးရိုးဘုရားမှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်ခတ်ခဲ့တဲ့ အခြေအနေမျိုး မဖြစ်စေချင် တာကြောင့် မန်းရွေစက်တော်ဘုရားပွဲကို မသွားကြဖို့ မကွေးတိုင်းအခြေစိုက် လက်နက်ကိုင်တပ် PRA Magway က ပြည်သူတွေကို သတိပေးခဲ့ပါတယ်။

လာမယ့် ဇန်နဝါရီ(၂၅) ရက်ကစပြီး ဧပြီလလည်ပိုင်းအထိ မန်းရွေစက်တော်ဘုရားပွဲပြုလုပ် သွား မယ်လို့ စစ်ကောင်စီက ကြေငြာထားပြီးပြည်သူတွေ လုံခြုံရေးသတိရှိကြဖို့ PRA Magway က အသိပေးထားတာပါ။

” စစ်ရေးအရ မင်းဘူးခရိုင်ဟာ စကစရဲ့လက်နက်ထုတ်လုပ်ရေးနဲ့ထောက်ပို့အတွက်အရေးပါတဲ့ နေရာဖြစ်တယ် မကြာခင်မှာ တော်လှန်ရေး အင်အားစုတွေက စစ်ရေးပြင်လာနိုင်ခြေရှိတယ် ဒါကို စကစ သိတယ် အဲ့ဒါကြောင့် ဘုရားပွဲ လုပ်ခြင်းဟာ သူတို့အတွက်အကာအကွယ်ပဲပေါ့” လို့ PRA Magway ဥက္ကဋ္ဌ ကိုနေမွန်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပြည်သူတွေကို အကာအကွယ်လုပ်ပြီး လူသားဒိုင်း အဖြစ်အသုံးချလာ နိုင်တဲ့အတွက် ပြည်သူတွေ ပျော်ပါးချင်တယ်ဆိုရင်တောင် လုံခြုံရေးသတိရှိဖို့ လိုတယ်လို့ သူက ပြောပါသေးတယ်။

မန်းရွှေစက်တော် ဘုရားပွဲမှာ တည်းခိုခန်းနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေကနေ စစ်ကောင်စီ အတွက် ဝင်ငွေရပြီး နိုင်ငံတွင်းအခြေအနေ တည်ငြိမ်နေတဲ့ပုံစံဖြစ်အောင် စစ်ကောင်စီက လုပ်ကြံ တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။

စစ်ကောင်စီက မန်းရွှေစက်တော် ဘုရားပွဲမှာ တည်းခိုဆောင် (၁၀၀၀) ဝန်းကျင်နဲ့ စျေးဆိုင် (၅၀၀) ဝန်းကျင်ကို ခွင့်ပြုသွားမှာဖြစ်ပြီး တည်းခိုဆောင် တစ်ခန်းကို ငွေကျပ် နှစ်သောင်းကနေ ငါးသောင်းကျပ်အထိ ကောက်ခံသွားမှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။

ပြည်သူတွေအနေနဲ့ မန်းရွှေစက်တော်ဘုရားပွဲကို နှစ်စဉ်သွားရောက်ထားကြပေမယ့် ဒီနှစ်မှာတော့ စစ်ကောင်စီနဲ့ ဒေသတွင်းတိုက်ပွဲတွေအပြင် ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ တခြားအဖွဲ့တွေကြောင့် လုံခြုံရေး ဂရုစိုက်တဲ့အနေနဲ့ မသွားကြဖို့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုထားတာပါ။

“စစ်အုပ်စုက ကျွန်တော်တို့နိုင်ငံကို အဆင်ပြေနေသယောင်ယောင် အတုအယောင် ပုံမှားရိုက် တဲ့ကိစ္စဖြစ်တယ်။ပြည်သူလူထုတွေက တော်လှန်ရေးအပေါ်မှာ အာရုံစိုက်နေတာကို ပုံလွှဲဖို့ အတွက် ပျော်ပွဲရွှင်ပွဲအတုတွေ ဘာဖွင့်ပွဲ ညာဖွင့်ပွဲဆိုပြီး သူတို့ရဲ့ ကြွားတဲ့ဝါတဲ့ လုပ်ရပ်တွေကို လျှောက်လုပ်နေတဲ့သဘောဖြစ်ပါတယ်” လို့ မကွေးလူထုတိုက်ပွဲကော်မတီက ကိုချစ်ဝင်းမောင် ကသံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အခုလို လုပ်ဆောင်ချက်တွေဟာ ပြည်သူတွေ တော်လှန်ရေးကနေ အာရုံလျော့သွားအောင်လုပ်တဲ့ သဘောဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားနယ်မြေတွေ၊ စစ်ကိုင်းနဲ့ မကွေး လို တော်လှန်ရေးအားကောင်းတဲ့နယ်မြေတွေမှာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင် နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မွန်ပြည်နယ် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအနီးမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ဘုရားဖူးအမျိုးသမီး(၃) ဦးသေဆုံးကာ (၁၇) ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.