ဘီးလင်း၊ ဇန်နဝါရီ(၂၀)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်း ၂ ရင်း အပါအဝင် မြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဇန်နဝါရီ ၁၈ ရက်နေ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိမ်းငှက်တော်လှန်ရေးတပ်ဖွဲ့ (HRS)က ထုတ်ပြန်ပါတယ်။

အဲဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဘီးလင်းမြို့ရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ ဘီးလင်းမြို့မရဲစခန်းကို KNLA တပ်ရင်းနဲ့ သိမ်းငှက်တော်လှန်ရေးတပ်ဖွဲ့ (HRS) ပူးပေါင်းအဖွဲ့က ဒရုန်းမှာလက်နက်ကြီး ၆၀ မမ ၄ လုံးတင်ဆင်ပြီး ဗုံးချတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ ရဲ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာတော့ လူထိခိုက်တာမရှိပေမယ့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိမ်းငှက်တော်လှန် ရေးတပ်ဖွဲ့ (HRS) ဆိုပါတယ်။

ပူးပေါင်းအဖွဲ့ဟာ နေ့လည် ၁၂ နာရီလောက်မှာ ဘီးလင်းမြို့အခြေစိုက် စစ်ကောင်စီ ခလရ(၈)တပ်ရင်းကို ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ညနေ ၅ နာရီခွဲလောက်မှာလည်း ဘီးလင်းမြို့၊ ကဇိုင်းဆည်အနီးရှိ စစ်ကောင်စီ ခမရ(၃) တပ်ရင်းကို ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ရာ အစည်းအဝေးလုပ်နေတဲ့ တပ်ခန်းမအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရာခံဗိုလ် ၃ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတာပါ။

KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပေမယ့် KNLA ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်တာမရှိဘဲ ပြန်ဆုတ်လာနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ ရက်နေ့ကလည်း ဘီးလင်းမြို့မရဲစခန်းနဲ့ထွေအုပ်ရုံးကို KNLA ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်တာကြောင့် ထွေအုပ်ဝန်ထမ်း ၄ ဦးနဲ့ ကော်မရှင်ဝန်ထမ်း ၁ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.