ထိုင်ပေ၊ ဇန်နဝါရီ(၁၉)
ထိုင်ဝမ်စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုကို တွန်းလှန်ဖို့အတွက် အရန်တပ်လေ့ကျင့်ရေးမှာ အမျိုးသမီး တွေပါဝင်ဖို့ (ဇန်နဝါရီ ၁၇) မှာ ကြေညာခဲ့ပါတယ်။
ဒါဟာ တပ်ဖွဲ့ဝင်အင်အားကိုပိုမိုတိုးတက်ကောင်းမွန်စေဖို့ ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဒီမိုကရက်တစ်ထိုင်ဝမ်ဟာ တရုတ်ကျူးကျော်မှုနဲ့ အဆက်မပြတ်ခြိမ်းခြောက်မှု အောက်မှာရှိနေတာပါ။
တရုတ်သမ္မတရှီကျင့်ဖျင်လက်ထက် မကြာသေးမီနှစ်တွေအတွင်း တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုပြင်းထန် လာခဲ့ပြီး ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်ခံရမှုနောက်မှာ ပေကျင်းကလည်း အလားတူလုပ်ရပ်မျိုးပြုလုပ်လာမှာကို ထိုင်ဝမ်ကစိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။
အရန်တပ်ဖွဲ့ဝင်အင်အားမြှင့်တင်ဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ အခုနှစ်ဒုတိယသုံးလပတ်ကစပြီး စေတနာ့ဝန်ထမ်း လေ့ ကျင့် ရေးသင်တန်းတွေမှာ အမျိုးသမီးစစ်သား ၂၀၀ ခန့်ကို စာရင်းသွင်းခွင့်ပြုမယ်လို့ ထိုင်ပေကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
“ဒါဟာ အရန်တပ်ဖွဲ့သင်တန်းမှာ အမျိုးသမီးတွေပါဝင်ဖို့ ပထမဆုံးနှစ်ဖြစ်တာကြောင့် ဒီနှစ်မှာ အစမ်းလေ့ကျင့်မှုတစ်ခု ဖြစ်လာမှာပါ” လို့ ဝန်ကြီးဌာနရဲ့ All-Out Defense Mobilization Agency မှ ဗိုလ်မှူးချုပ် ယူဝန်ချန်က ပြောပါတယ်။
“လျှောက်ထားသူဦးရေအလိုက် လေ့ကျင့်ရေးစွမ်းရည်ကို ကျွန်တော်တို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အရန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ တိုးတက်စေဖို့အတွက် အရန်တပ်တွေကို ပြန်လည်လေ့ကျင့်ပေးခြင်းက ထိရောက်မှုကို အားကောင်းစေဖို့ရည်ရွယ်တာပါ” လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အမျိုးသမီးတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ စေတနာ့ဝန်ထမ်းတာဝန်ထမ်း ဆောင်နိုင်ပေမယ့်လည်း၊ စစ်မှုထမ်းဖို့နဲ့ အရန်လေ့ကျင့်ရေး မဖြစ်မနေလုပ်ဖို့အတွက်ကတော့ အမျိုးသားတွေသာ လိုအပ်နေသေးတာဖြစ်ပါတယ်။
စစ်ရေးလေ့လာသုံးသပ်သူအများအပြားက ထိုင်ဝမ်ကို သူ့ရဲ့အရန်အင်အားမြှင့်တင်ဖို့နဲ့ အရပ်ဘက်လူတွေကို ကာကွယ်ရေးအတွက် ပြင်ဆင်ထားဖို့၊ အမျိုးသမီးတွေကို လေ့ကျင့်သင်ကြားခွင့်ပေးတာတွေ ပိုမိုလုပ်ဆောင်ဖို့ တိုက်တွန်းထားတာပါ။
လွန်ခဲ့တဲ့လက ထိုင်ဝမ်အနေနဲ့ အမျိုးသားတွေအနေနဲ့ မဖြစ်မနေစစ်မှုထမ်းရမယ့်အချိန်ကာလကို လေးလမှတစ်နှစ်အထိ တိုးမြှင့်လိုက်ကြောင်း ကြေညာထားခဲ့ပါတယ်။
အချို့သော လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အမျိုးသမီးတွေကို မဖြစ်မနေစစ်မှုထမ်းရေးပုံစံကို အဆိုပြုထားခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်တဲ့ ဆိုင်အင်ဝမ်ကတော့ “ကျွန်မတို့ရဲ့ အနာဂတ်မျိုးဆက်တွေအတွက် ဒီမိုကရေစီနည်းလမ်းနဲ့ စစ်မှုထမ်းဖို့လိုအပ်ပါတယ်။ ဘယ်သူမှ စစ်မတိုက်ချင်ပေမယ့် ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေအတွက် ငြိမ်းချမ်းရေးဆိုတဲ့အရာ ကောင်းကင်က ကျလာတာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ တရုတ်တို့ဟာ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်ပြီးဆုံးချိန်မှာ နှစ်ခြမ်းကွဲသွားခဲ့ပြီး တရုတ်ရဲ့ အစိတ်အပိုင်းဖြစ်လာခြင်းကို ကျွန်းပြည်သူတို့ လက်ခံနိုင်စရာမရှိဘူးလို့ ဆိုင်က ပြောကြားခဲ့ပါတယ်။
Ref,CNA