ဘုတ်ပြင်း၊ ဇန်နဝါရီ(၁၉)

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူကျေးရွာအနီးမှာ အသတ်ခံထားရတဲ့ အမျိုး သား ၈ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသတ်ခံလိုက်ရတဲ့ အမျိုးသားတွေဟာ ရွာဟေ့လူရွာသားတွေဖြစ်တဲ့ ဦးအောင်ဖေ၊ ဦးဇော်ဝမ်း၊ ဦးဉာဏ်ဝင်း၊ ဦးဟန်ဒူး၊ ကိုနိင်၊ ကိုဇော်ထွေး၊ အေးချမ်းသာရွာသားတွေဖြစ်တဲ့ ဦးစိန်ဝင်း၊ ဦးသန်းဘိုတို့ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအမျိုးသား ၈ ဦးကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာ အသတ်ခံလိုက်ရတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ရွာဟေ့လူကျေးရွာအနီး ဝါးရုံတောမှာ တွေ့ရှိခဲ့တာပါ။

အသတ်ခံရသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဇန်နဝါရီ ၁၄ ရက်နေ့မှာပဲ ဒေသခံတွေက မြေမြှုပ်သဂြိုဟ်ပေးခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ အသတ်ခံလိုက်ရတဲ့ အမျိုးသားတွေဟာ လူကုန်ကူးမှုအရှုပ်အရှင်းကြောင့် သတ် ဖြတ်ခံရနိုင်တာဖြစ်ကြောင်းနဲ့ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်သွားလဲဆိုတာမသိရဘူးလို့ ပြောပါတယ်။

ရွာဟေ့လူရွာဟာ တနင်္သာရီတိုင်းမှာ ထိုင်းဘက်ကိုလူကုန်ကူးဖို့ အဓိကအသုံးပြုနေတာဖြစ်ပြီး လူကုန်ကူးသူတွေလည်း မျက်စိကျတဲ့ကျေးရွာလည်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီဒေသခံ ၈ ဦးကို သတ်ဖြတ်တာဟာ ဗိုလ်ချုပ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူလေးတပ်မတော်(KTLA )က လုပ်ဆောင်တာဖြစ်တယ်လို့ ရေးသားနေကြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကော်သူလေးတပ်မတော်(KTLA )ထံ သံလွင်တိုင်းမ်ကဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားပြည်သူ ၃၃၅ ဦး သေဆုံးထားပြီး ၁၂၈ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.