မော်လမြိုင်၊ ဇန်နဝါရီ(၁၉)

၂၀၂၃ ခုနှစ်အတွင်း အချိုးကျကိုယ်စားပြု (PR) စနစ်နဲ့ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ အထွေ ထွေရွေးကောက်ပွဲကို မွန်ညီညွတ်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိ၊ မရှိ တရားဝင်ထုတ်ဖော်ပြောဆိုလာတာ မရှိသေးပါဘူး။

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့်အထွေထွေရွေးကောက်ပွဲမှာ အချိုး ကျကိုယ်စားပြုစနစ်ဖြစ်တဲ့ Close List PR (စာရင်းပိတ်) ကျင့်သုံးဖို့ ဆုံးဖြတ်ထားပြီလို့ ပြီးခဲ့တဲ့နှစ် ဇွန် ၁၆ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

အဲဒီပြောဆိုချက်နဲ့ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲမှာ ဘယ်စနစ်ပဲကျင့်သုံးသည် ဖြစ်စေ စစ်တပ်ဘက်က ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းရရှိထားပြီးဖြစ်လို့ ထူးခြားမှုမရှိသလို ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြီးခဲ့တဲ့နှစ် ဇွန် ၁၇ ရက်နေ့မှာ ပါတီရဲ့ပြောခွင့်ရသူ နိုင်သန်းရွှေက သံလွင်တိုင်းမ်ကို ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီကနေ့အချိန်ထိတော့ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မွန်ညီညွတ်ရေး ပါတီအနေနဲ့ ပါတီတွင်းစည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ မတွေ့ရှိရသေးသလို တစ်စုံတစ်ရာ သဘောထားထုတ်ပြန်တာ မရှိသေးပါဘူး။

သံလွင်တိုင်းမ်ကလည်း စစ်ကောင်စီကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါတီရဲ့သ ဘောထားကို ထပ်မံသိရှိနိုင်ဖို့ မွန်ညီညွတ်ရေးပါတီပြောခွင့်ရသူ နိုင်သန်းရွှေကို ၁၀ ကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တလနိုင်ကတော့ မွန်ညီညွတ်ရေးပါတီက စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဝင်ပြိုင်သင့်၊ မသင့် စဉ်းစားနေတာဟာ အဏာသိမ်း ၂ နှစ်ပြည့်နေ့မှာ စစ်အုပ်စုဘက်ကဆောင်ရွက်လာမယ့် အခင်းအကျင်းနဲ့ လုံခြုံရေးအခြေအနေကို ချင့်ချိန်နေတာလို့ သုံးသပ်တာပါ။

“ကိုယ်စားလှယ်တွေက နိုင်ငံရေးအကျပ်အတည်းကာလမှာ နိုင်ငံရေးလုပ်ငန်းတွေကို မလုပ်ဘဲနဲ့ ပရဟိ တလုပ်ငန်းတွေပဲ လုပ်နေတာတွေ့ရတယ်။ ဆိုတော့ စကစကလုပ်မယ့် ရွေးကောက်ပွဲကို ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာက ကျွန်တော့်အထင်ပြောရရင် လာမယ့် ၁ ရက်နေ့ အာဏာသိမ်း ၂ နှစ်ပြည့်တဲ့နေ့မှာ မင်းအောင်လှိုင်က ဘာတွေထုတ်ပြောမလဲဆိုတဲ့အပေါ် သူတို့စောင့်ကြည့်နေတာ ဖြစ်နိုင်တယ်။ နောက် တစ်ခုက ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေက သူတို့ရဲ့လုံခြုံရေးအခြေအနေကြောင့် ပြိုင်သင့်၊ မပြိုင်သင့် ချင့်ချိန်နေတာဖြစ်တယ်လို့ထင်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးက လူထုတွေအပေါ် မျက်နှာမမူဘဲ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို မွန်ညီညွတ်ရေးပါတီက ဝင်ပြိုင်မယ်ဆိုရင် လုံခြုံမှုနဲ့လူထုထောက်ခံမှု ရရှိမှာမဟုတ်ဘဲ စစ်ကောင်စီအတွက် နိုင်ငံရေး ထွက်ပေါက်ဖွင့်ပေးတာနဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက်ဖြစ်မယ်လို့ တလနိုင်ကထောက်ပြပါတယ်။

မွန်လူငယ်တစ်ဦးကလည်း လာမယ့်အထွေထွေရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီအနေနဲ့ ဝင်ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာ ပါတီရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်နေပြီး ပါတီကိုဖျက်သိမ်းမယ့်အထိတော့ လုပ်ဆောင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“သူတို့ရပ်တည်ချက်အပေါ် မူတည်တာပေါ့။ သူတို့က ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ချက်ချရင် သူတို့ပါတီကိုလည်း မဖျက်သိမ်းချင်တဲ့ အခြေအနေမှာ သူတို့ထားမယ်ဆိုရင်တော့ မဖြစ်မနေသုံးနေရာဆိုပေမယ့် တကယ့် လုံခြုံရေးပေးနိုင်တဲ့နေရာကိုပဲ ရွေးချယ်ပြီးတော့ ဝင်ပြိုင်သွားဖွယ်ရှိတယ်။ သူတို့အနေနဲ့ကျ ကျွန်တော်ထင်တာ ပါတီဖျက်သိမ်းမယ့်အထိတော့ သူတို့မလုပ်ဘူးလို့ ကျွန်တော်မြင်တယ်”လို့ သူက ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့ မွန်လူမျိုးကိုယ် စားပြု ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီ တစ်ခုဖြစ်ပါတယ်။

ပါတီကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးနဲ့ နိုင်လယိတမတို့ဟာ စစ်ကောင်စီရဲ့ ပြည် ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်တို့မှာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေကြတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း အာဏာသိမ်းပြီးအစောပိုင်းနဲ့ နှောင်းပိုင်းကာလတွေမှာ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးအတွက် စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံပွဲမှာ မွန်ညီညွတ်ရေးပါတီက လေးကြိမ်တိုင်တက်ရောက်ခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီဟာ လာမယ့်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်က မြို့နယ်တစ်ချို့အပါ အဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ မြေပြင်လူဦးရေစာရင်းတွေကို လုံခြုံရေးအပြည့်နဲ့ ပြီးခဲ့တဲ့ ဇန်န ဝါရီ ၉ ရက်နေ့ကစပြီး လိုက်လံကောက်ယူနေပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.