ရန်ကုန်၊ ဇန်နဝါရီ(၁၅)တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းရှိ ပရဟိတအဖွဲ့တွေကို ပိုမိုချစ်ကြည်ရင်နှီးလာအောင် ဆောင်ရွက်ပြီး သတင်းပေးအပြင်၊ လုံခြုံရေးမှာပါအသုံးချနိုင်ရေးစည်းရုံးကြဖို့ စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားလာတာဖြစ်ပါတယ်။

ပရဟိတအဖွဲ့တွေကို အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဉ်တွေမှာ အသုံးချနိုင်ရေးစည်းရုံးဆောင်ရွက်ကြဖို့ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၃ ရက်နေ့ကပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးအပြီး ပေါက်ကြားလာတဲ့ လျှို့ဝှက်ညွှန်ကြားစာအရ သိရပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးအပြီး အစည်းအဝေးမှတ်တမ်းအပါအဝင် ညွှန်ကြား ချက်ပေါင်းအချက် ၃၀ ကျော်ကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အဖွဲ့တွေအလိုက်ဆောင်ရွက်ဖို့ စစ်ကောင်စီ လျှို့ဝှက်ကြားလာတဲ့ညွှန်ကြားစာ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပေါက်ကြားလာတာ ဖြစ်ပါတယ်။

အဲဒီလျှို့ဝှက်ညွှန်ကြားစာမှာ အကြမ်းဖက်နှိမ်နင်းရေးမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ပရဟိတအဖွဲ့တွေ ပိုမိုတိုးတက်များပြားလာစေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်လေးစားမှု ရရှိစေဖို့ အလေးထားဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနေနဲ့ ပရဟိတအင်အားတွေကို ပိုမိုတိုးချဲ့ပေါင်းစပ်အသုံးပြုဖို့၊ ဒေသန္တရကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့ နဲ့ ပရဟိတအဖွဲ့တွေကို စည်းရုံးနိုင်မှသာ သတင်း ရရှိမယ်လို့ ပြောဆိုထားတာပါ။

ရခိုင်ပြည်နယ်အခြေစိုက် ၊ ပရဟိတအဖွဲ့တစ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီက သူတို့နဲ့ ပူးပေါင်းဖို့ ပရဟိတအသင်းကို ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံစရာအကြောင်းမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကမ်းလှမ်းလာမယ်ဆိုရင် ကျွန်တော်တို့က ပရဟိတပဲလုပ်တာပါ၊ အဲဒီ နိုင်ငံရေးအပိုင်းတွေနဲ့ပတ်သက်ပြီး ပြည်သူ့လုံခြုံရေးအပိုင်းတွေလည်း ကျွန်တော်တို့ အဆက်အစပ်မရှိပါဘူး၊ လက်ခံစရာအကြောင်းလည်း မရှိပါ ဘူးလို့ ပြောရမှာပေါ့ဗျာ။ ကျွန်တော်တို့ လူ့အခွင့်အရေးတွေ ချိုးဖောက်တဲ့နေရာမှာ အများကြီးသက်ရောက် မှုဖြစ်သွားမှာပေါ့။ အဲဒီလိုတော့ မလုပ်သင့်ဘူးထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပရဟိတပဲ လုပ်တာ။ အဲဒါကြောင့် ကျွန်တော်တို့က စစ်ရေးနဲ့မဆိုင်ဘူး၊ ကျွန်တော်တို့ လူမှုကူညီရေးလုပ်နေတာ၊ အဲဒီလူမှုကူညီရေး ကို သူတို့က တစ်ဖက်နှောင့်ယှက်လာမယ်ဆိုရင်တော့ ပြောသင့်ပြောထိုက်တာကိုတော့ ပြောရမှာပဲ”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အစည်းအဝေးမှတ်တမ်းတွေထဲမှာတော့ ပရဟိတလုပ်ငန်းဆောင်ရွက်နေကြတဲ့ အဖွဲ့တွေရဲ့ စိတ်ဓာတ်မြှင့်တင်ပေးဖို့နဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် ပရဟိတအသင်းတစ်သင်းရဲ့တာဝန်ရှိသူတစ်ဦးကလည်း လူနာတွေကို သယ် ယူပို့ဆောင်ပေးတာ၊ သွေးလိုအပ်ချက်နဲ့ နာရေးကူညီမှုတွေကို လုပ်ဆောင်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေမှာ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့က လုပ်လို့အဆင်မပြေဘူးဗျ။ ကျွန်တော်တို့က အခုနပြောတဲ့ လုပ်ဆောင်ချက်လေးတွေပဲ လုပ်ဆောင်ကြရမှာဗျ။ ဘယ်လိုအခြေအနေဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက်လည်း အရေး ကြီးတယ်၊ ပြည်သူကိုကူတဲ့အနေနဲ့ ကျွန်တော်တို့က ကြားနေနေတဲ့ သဘောပဲ။ ဆိုလိုတာက ပြည်သူအတွက်ပဲ ကျွန်တော်တို့ လုပ်ကြမှာပါဗျ။ ဒီကာကွယ်ရေးအပိုင်းတွေ ဘာတွေတော့ အဲဒီလိုမျိုးလည်း ကျွန်တော်တို့ မလုပ်ကြပါဘူးဗျ”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ရှိ ပရဟိတအသင်းတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းရာမှာ စစ်ကောင်စီဘက်ကနေ ပရဟိတအသင်းတွေကို တစ်စုံတစ်ရာ စည်းရုံးလှုံ့ဆော်တာတွေ မရှိသေးဘူးလို့ ဆိုကြပါတယ်။

ရန်ကုန်တိုင်းအခြေစိုက် ပရဟိတအသင်းတစ်သင်းရဲ့ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီကနေ သူတို့နဲ့ ပူးပေါင်းဖို့ စည်းရုံးလာရင် ပရဟိတအလုပ်ကိုပဲ ဆက်လုပ်သွားမှာမို့ အသင်းဖျက်သိမ်းရင်လည်း ဖျက်သိမ်းရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့က ရိုးရိုးပရဟိတပဲလုပ်တဲ့အတွက် စည်းရုံးမယ်ဆိုလည်း ပရဟိတပဲ ဆက်လုပ်မယ်လို့ ပြောမှာပါ။ ကျွန်တော်တို့က ကိုယ်ပိုင်အသင်းနဲ့ ကိုယ်ပိုင်ဦးစီးနေတဲ့ ဖွဲ့စည်းထားတဲ့အသင်းမို့လို့ ပရ ဟိတအလုပ်တစ်ခုကိုပဲ လုပ်သွားမှာပါခင်ဗျ။ သူများလုပ်တဲ့ပုံစံအတိုင်းပဲ လိုက်လုပ်မှာပေါ့။ အသင်းဖျက်သိမ်းရင်လည်း ဖျက်ရမယ်။ ဒါမှမဟုတ် ဒီလိုပုံစံပဲဆက်လုပ်ရမယ်ဆိုလည်း လုပ်သွားမှာပေါ့”လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပရဟိတအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေဟာ ပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ လွတ်လပ်စွာကူညီပေးဖို့ ကြိုးစားကြပေမယ့် စစ်ကောင်စီရဲ့ ဖမ်းဆီးခြိမ်းခြောက်မှုတွေလည်း ရှိလာနေတာပါ။

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ အခုနှစ်မှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးလုပ်ငန်းမှာ ပါဝင်ပေးဖို့၊ သင်တန်းတက်ပေးဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာဒုတိယပတ်မှာ ရန်ကုန်တိုင်းရှိ မြို့နယ်တစ်ချို့က ပရဟိတအသင်းတွေကို ဆက်သွယ်စည်းရုံးလာနေပါတယ်။

ဒါ့အပြင် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့မှာ ရန်ကုန်တိုင်းအတွင်းရှိ လူမှုအကူအညီပေးရေး အသင်းအဖွဲ့ (၂၉) ဖွဲ့က အသင်းဝင် ၂၃၀ ကျော်နဲ့ တွေ့ဆုံပြီးပါတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.