အင်းဆိပ်ကြီး၊ ဇန်နဝါရီ(၁၇)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမှာ ခရီးသည်တင်ယာဉ်တွေကို (၈)ရက်တာ သွားလာခွင့်ပိတ်ပင်မှုဟာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ခရီးပြည်သူလူထုတွေ ထိခိုက်မှာစိုးရိမ်တဲ့အတွက် ပိတ်ပင်တားမြစ်တာဖြစ်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာကြောင့် ခရီးသွားပြည်သူလူထုတွေ ခရီးသွားလာရာမှာ အလွန်အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်ပေါ်နေတယ်လို့ ကရင်အမျိုးသားအ စည်းအရုံး KNU ဒူးပလာယာခရိုင်က အတွင်းရေးမှူး စောလစ္စတန်လက်မှတ်နဲ့ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ထားခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမှာ ခရီးသည်တင်ယာဉ်တွေအနေနဲ့ ဇန်နဝါ ရီ(၁၆)ရက်နေ့ကနေ ဇန်နဝါရီလ(၂၃)ရက်နေ့အထိ လုံး၀သွားလာတာတွေမပြုလုပ်ဖို့ KNUဒူးပ လာယာခရိုင်က အသိပေးထားတာ ဖြစ်ပါတယ်။

KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ဒီထုတ်ပြန်ချက်ဟာ ပြည်သူလူထုတွေထိခိုက်မှာစိုးရိမ်တဲ့အ တွက် ထုတ်ပြန်ရတာလို့ ပြောပါတယ်။

“လက်ရှိတိုက်ပွဲတွေကတော့ အခုချိန်ထိနေ့တိုင်းလိုဖြစ်နေတာပဲ။ အဲဒီဒေသမှာပိုဆိုးတယ်။ တပ်ရင်းသုံး ရင်းလုံးကိုဝင်ပြီးတော့ တိုက်ခိုက်ခဲ့တဲ့အနေအထားတစ်ခု ဖြစ်ပွားခဲ့တယ်။ ဒါ့အပြင် အဲဒီနားပတ်ဝန်း ကျင်မှာလည်း တိုက်ပွဲတွေကအကြီးအကျယ်ဖြစ်နေတာ။ ဖြစ်နေတဲ့အခါကျတော့ ပြည်သူလူထုသွား လာရင် ထိခိုက်မှာစိုးလို့ အဲဒီအကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒါကလည်း လူထုအတွက်ပဲ ပြောတာဖြစ်ပါတယ်။ တခြားအကြောင်းအရာတော့ မရှိပါဘူး။ အဲဒီမှာလည်း ဖော်ပြထားပြီးသားပါ” လို့ဆိုပါတယ်။

KNU ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ထားချက်နဲ့ပတ်သက်ပြီး ပြည်သူလူထုတွေအနေနဲ့ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ပေးကြဖို့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေကလည်း မေတ္တာရပ်ခံထားပါတယ်။

KNU ဒူးပလာယာခရိုင်ထိန်းချုပ်နယ်မြေအတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း အခြေစိုက်စခန်းတွေဖြစ်ကြတဲ့ ခလရ(၂၈၃)၊ ခလရ(၂၈၄)၊ ခလရ(၃၂)တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ (၄) ရက်နေ့က KNLA တပ်မဟာ(၆)ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သလို KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိခဲ့တာဖြစ်ပါတယ်။

ဒီလို တပ်ရင်းဌာနချုပ်စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကြာအင်းဆိပ်ကြီးမြို့အနီးရှိကျေးရွာတွေထဲကို လေယာဉ်နဲ့ဗုံးကြဲတာအပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ လုပ် ဆောင်ခဲ့သလို စစ်ကြောင်းထိုးဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့လို့ KNLA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းနဲ့ပေါ်တာအဖြစ်အသုံးပြုတာတွေအပြင် KNU ဂိတ်စခန်းတစ်ခုနဲ့ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေလုပ်ဆောင်နေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိမှာ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)ကျော်က ဒေသ ခံပြည်သူ(၁၆၀၀၀)ကျော်ဟာ စစ်ဘေးရှောင်နေရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကွင်းဆင်းစစ်တမ်းကောက်ယူမှုအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.