ကော့ကိရိတ်၊ ဇန်နဝါရီ(၁၇)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ လောက်နေထိုင်တဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို နေ့လည် ၁ နာ ရီခွဲအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာပါ။

ကော့ဘိန်းနယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းစဉ် ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် စခန်းအတွင်းရှိ အချုပ်ဆောင်၊ စခန်းမှူး နေအိမ်နဲ့ အဆောက်အဦးတွေကို KNLA ပူးပေါင်းတပ်တွေကို မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။

ကော့ဘိန်းနယ်မြေရဲစခန်း မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည်ဆုတ်ခွာလာတဲ့ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့ကြား ကော့တုံကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် တိုက်ပွဲဖြစ်စဉ် အခြေအနေ အသေးစိတ်ကိုတော့ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ BGF တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်နဲ့ တစ်မိုင်အကွာမှာရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.