သရက် – ဇန်နဝါရီ(၁၆)

မကွေးတိုင်း သရက်မြို့နဲ့ မင်းတုန်းမြို့က လ.ဝ.က ရုံးတွေနဲ့ ကံမ မြောက်ဘက်အဝင် စစ်ဆေး ရေးဂိတ် တို့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က (၃) ရက်အတွင်း တိုက်ခိုက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၃) ရက်နေ့က သရက်မြို့ လ.ဝ.က ရုံး၊ (၁၄) ရက်နေ့မှာ မင်းတုန်းမြို့ လ.ဝ.က ရုံး တို့ကိုဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး (၁၅) ရက်နေ့မှာတော့ ကံမမြို့ မြောက်ဘက် အဝင်က စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုတွေမှာ အဆောက်အဦးတွေ ထိခိုက်မှုရှိခဲ့ပြီး လူထိခိုက်သေဆုံးတာတော့ မရှိဘူး လို့ Eagle Force တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

” ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ စကစကို ဒီ အလိမ်အညာ ရွေးကောက်ပွဲကို အသိအမှတ်မပြု လက်မခံကြောင်း ပြသချင်လို့သရက် မင်းတုန်း နှစ်မြို့နယ်က လဝက ရုံးတွေမှာ အသိပေး ဖောက်ခွဲတဲ့ သဘောပါ” လို့ သူက ပြောပါသေးတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင် ဖြစ်တဲ့ အတွက် လက်မခံဘဲ တက်နိုင်တဲ့ နည်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

ကံမမြို့မြောက်ဘက် မြို့အဝင်ဂိတ်ကိုတော့ အဝေးထိန်းမိုင်းသုံးလုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်လုံးပေါက်ကွဲကာ အကြီးဆုံးမိုင်းမပေါက်ကွဲခဲ့တဲ့အတွက် အထိအခိုက်အခြေအနေကိုတော့ မသိရသေးပါဘူး။

သရက်ခရိုင်မှာ သရက်၊ကံမ၊မင်းတုန်း ပူးပေါင်း ပ.က.ဖ (Eagle Force) အနေနဲ့ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစပြီး တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီကို ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Eagle Force

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.