မုဒုံ၊ ဇန်နဝါရီ ၁၆

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၃)ရပ်ကွက်၊ ဦးစံဖေလမ်းနေ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး (ငြိမ်း) ဦးဝင်းနိုင်ဦးဟာ ဇန်နဝါရီ ၁၅ ရက်နေ့ ညက အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ည ၆ နာရီခွဲအချိန်လောက်မှာ နေအိမ်ပြန်လာတဲ့ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး (ငြိမ်း) ဦးဝင်းနိုင်ဦးကို မုဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နေအိမ်အရှေ့မှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်မှာ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး (ငြိမ်း) ဦးဝင်းနိုင်ဦး ထိခိုက်ဒဏ်ရာ ရတာ မရှိပေမယ့် သူစီးလာတဲ့ကား ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“ဦးဝင်းနိုင်ဦး အိမ်ရှေ့မိုင်းပေါက်ကွဲမှုမှာ လူထိခိုက်မှုတော့ မရှိဘူး၊ ဒါပေမယ့် သူစီးလာတဲ့ကားတော့ အနည်းငယ် ထိသွားတယ်၊ ဒေသခံတွေလည်း ဖမ်းဆီးခံထားရတယ်”လို့ မြို့ခံ တစ်ဦးက ဆိုပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်အပြီး စစ်ကောင်စီတပ်က လာရောက် စစ်ဆေးတာတွေ လုပ်ဆောင်သွားသလို ဒေသခံ ၉ ဦးကိုလည်း စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဝန်ကြီးဟောင်း ဦးဝင်းနိုင်ဦးဟာ ပျူစောထီးခေါင်းဆောင်နဲ့စစ်ကောင်စီ အကြီးစားဒေါက်တိုင် အဖြစ် ဆောင်ရွက်နေတာကြောင့် နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ် လို့ မုဒုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ထားပါတယ်။

ဦးဝင်းနိုင်ဦးဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း အဖြစ် မုဒုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရရှိခဲ့ခြင်း မရှိပါဘူး။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.