လွိုင်ကော် – ဇန်နဝါရီ(၁၆)

ကယားပြည်နယ်၊လွိုင်ကော်မြို့မှာ စစ်ကောင်စီ ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်နေစဉ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး လုံခြုံရေးတစ်ဦးသေဆုံးကာ အနည်းဆုံး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ် သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅) ရက်နေ့က ကျရောက်တဲ့ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်း အမှတ်ပွဲကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ စစ်ကောင်စီက ကျင်းပခဲ့တာပါ။

ဒီဖြစ်စည်နဲ့ပတ်သက်ပြီး စစ်ကောင်စီက KNPP နဲ့ PDF တွေက လွိုင်ကော်မြို့ အရှေ့မြောက် ဘက်မီတာ(၄၀၀၀) ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါ တယ်။

ကယားပြည်နယ်နေ့ ကျင်းပဖို့ စစ်ကောင်စီက မြို့နယ်တွင်းက ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ လူငယ်တွေကို တက်ရောက်ဖို့ အတင်းအဓမ္မ တက်ရောက်စေခဲ့တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ လူသားချင်းစာနာထောက်ထားမှုကော်မတိ ပြောခွင့်ရ ဦးဗညားက ပြောပါ တယ်။

” မနက် ၇ခွဲလောက်မှာ စစ်ကောင်စီက အတင်းအဓမ္မလုပ်တယ်လို့ သတင်းကြား တယ်ပေါ့နော်။ မဖြစ်မနေ ကျောင်းသူကျောင်းသားတွေ၊ ဝန်ထမ်းတွေ ပွဲတက်ဖို့အတွက်ပြောတယ်။အဲ့တော့ ၇ခွဲ ဝန်းကျင်လောက်မှည ဒရုန်းနဲ့ပေါ့နော် ၆၀မမ ကြီး နှစ်လုံး အနည်းဆုံးပေါ့နော် ပစ်ချတယ်။ပြီး တာနဲ့လွိုင်ကော်မြို့ပေါ်မှာရှိတဲ့တပ်တွေက ဆက်ပြီးတော့ တနေကုန် လက်နက်ကြီးတွေနဲ့ ပစ်တာ ရှိတယ်။နောက်ပြီးတော့မှ လွိုင်ကော် ကိုးမိုင်ဘက်ပေါ့နော် သာလောင်းကိုတက်သွား တဲ့ဘက်ကို လည်း စစ်ကောင်စီက လေယာဥ်နဲ့ဗုံးလာကြဲခဲ့ပါတယ်။ “လို့ ဦးဗညားက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါသေးတယ်။

အဲဒီလိုစစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို မြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံတွေရဲ့ နေအိမ်ပျက်စီးခဲ့ပြီး လွိုင်ကော်မြို့ နောင်ယားကန် အနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF Loikaw က စစ်ကောင်စီပြုလုပ်မယ့် ကယားပြည်နယ်နေ့အပါအဝင် လူထုလူဝေးရှိရာ နေရာတွေကို မသွားကြဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၃) ရက်က လူမှုကွန်ရက်စာမျက်နှာက သတိပေးထားပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာတော့ KNPP နဲ့ PDF တို့ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်(၂) ဦး၊ ကျောင်းသား/သူ(၆) ဦး၊ အရပ်သား(၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.