ကြာအင်းဆိပ်ကြီး – ဇန်နဝါရီ(၁၆)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအတွက် ဆေးဝါးနဲ့ ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ကြာအင်းဆိပ်ကြီးမှာ ဖြစ်ပွာခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း (၂၀) ကျော်က ဒေသခံ (၁၆၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင်နေရတာပါ။
စစ်ရှောင်တွေထဲမှာ အသက်(၅) နှစ်အောက် ကလေးငယ်ဦးရေ(၂၀၀၀) ဝန်းကျင် ရှိနေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ကွင်းဆင်းစစ်တမ်းကောက်ယူမှုတွေ အရ သိရပါတယ်။
“ထိတွေ့မှုရှိနေတာကြောင့် ကျခတ်ချောင်း၊ ဝါးပိုးကုန်း၊ သမိန်လစ်၊ နတ်ချောင်း အလယ်ရွာ၊ ကစပ် စတဲ့ရွာနေ ပြည်သူတွေ စစ်ဘေးရှောင်နေရပါတယ်။ ရာသီဥတုက လည်း အေးတာကြောင့် ဆေးဝါးနဲ့ ရိက္ခာတွေ လိုနေတယ်” လို့ ဒေသခံတစ်ဦီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင်ပြည်သူတွေကို KNU နဲ့အတူ ကြာအင်းဆိပ်ကြီးမြို့နယ် လုံးဆိုင်ရာ နွေဦးတော်လှန်ရေး ဦးဆောင်ကော်မတီက ပူးပေါင်းကူညီပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၅) ရက်နေ့က ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းမကြီးကို ဒီနေ့ ဇန်နဝါရီ(၁၆) ရက်ကနေ (၂၃) ရက်အထိ (၁) ပတ်အသုံးမပြုဖို့ သတိပေးထားတာဟာ ပြည်သူတွေ ထိခိုက်မှာစိုးရိမ်လို့ဖြစ်တယ်လို့ KNU က သံလွင်တိုင်းမ် ကိုပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ