ဝါရှင်တန်၊ ဒီဇင်ဘာ(၁၅)
အမေရိကန်အနေနဲ့ ဂျပန်နိုင်ငံရဲ့စစ်ရေး၊ ကာကွယ်ရေးတိုးမြှင့်မှုကိုကြိုဆိုပြီး ပြည့်ပြည့်၀၀ခိုင်ခိုင်မာ ကတိကဝတ်တွေ ပြုထားတယ်လို့ သမ္မတဂျိုးဘိုင်းဒန်က ပြောကြားလိုက်ပါတယ်။
G-7 အင်အားကြီးနိုင်ငံတွေကို လေ့လာရေးခရီးသွားရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ ဝါရှင်တန်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့က ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေတဲ့အတွက် ဂျပန်နဲ့ အမေရိကန်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ ကာလရှည်ကြာ မဟာမိတ်ဆက်ဆံရေး အားကောင်းလာစေဖို့ ကြိုးပမ်းလျက်ရှိနေတာလည်း ဖြစ်ပါတယ်။
အခုလိုကီရှီဒါနဲ့ အိမ်ဖြူတော်မှာတွေ့ဆုံမှုဟာ အမေရိကန်-ဂျပန် မဟာမိတ်ရဲ့ မှတ်ကျောက်တင်စရာ အခိုက် အတန့်လို့ သမ္မတဘိုင်ဒင်ကပြောခဲ့ပြီး နှစ်နိုင်ငံဟာ အရင်တုန်းကမနီးစပ်ခဲ့ဘူးလို့ သူကပြောပါသေးတယ်။
“ရှင်းရှင်းလင်းလင်းပြောရရင် အမေရိကန်ပြည်ထောင်စုဟာ မဟာမိတ်အတွက် ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာ ကတိကဝတ်ပြုထားပြီး ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအတွက်လည်း အရေးကြီးပါတယ်” လို့ ပြောကြားခဲ့တာပါ။
ဒါ့အပြင် နည်းပညာနဲ့ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေမှာ အားကောင်းတဲ့ ခေါင်းဆောင်မှုတွေအတွက် ကီရှီဒါကို ကျေးဇူးတင်ရှိပါတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ စစ်ရေးမဟာမိတ်တွေကို ခေတ်မီအောင်လုပ်ဆောင်နေပြီး ဂျပန်ရဲ့ သမိုင်းဝင် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုနဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်ကို တည်ဆောက်နေပါတယ်” လို့ ဘိုင်ဒင်က ပြောခဲ့ပါတယ်။
ဂျပန်နဲ့ အမေရိကန်တို့ဟာ လတ်တလော သမိုင်းမှာအခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံးလုံခြုံရေးအခြေအနေကို ရင် ဆိုင်နေရတာပါ။ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် တိုကျိုဟာ ပြီးခဲ့တဲ့လက ကာကွယ်ရေး ဗျူဟာသစ်ကို ချမှတ်ထုတ်ပြန်ခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ပေးတဲ့ ဘိုင်ဒင်ကိုလည်း ကျေးဇူးတင်တယ်လို့ ကီရှီဒါက ပြန်လည်ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံအနေနဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးရဲ့ အခြေခံတန်ဖိုးတွေကိုမျှဝေခဲ့ကြပြီး ကျွန်တော်လို့ လုပ်ဆောင်ရမယ့် အခန်းကဏ္ဍဟာ ပိုမိုကြီးမားလာပါတယ်လို့ ကီရှီဒါက ထပ်လောင်းပြောပါတယ်။
ဝါရှင်တန်ရှိ Johns Hopkins School of Advanced International Studies မှာ ကီရှိဒါရဲ့ နောက်ပိုင်း မိန့်ခွန်း မှာ တရုတ်နိုင်ငံဟာ ဂျပန်နဲ့ အမေရိကန်အတွက်အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး တရုတ်နဲ့ ထိတွေ့မှု တွေမှာ ဂျပန်နဲ့ဥရောပတို့ တညီတညွတ်တည်း လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ကျူးကျော်မှုကို ဆန့်ကျင်တဲ့ဘက်ကရပ်တည်ဖို့ အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့တာ ပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းဖို့ လိုအပ်ရင် အင်အားသုံးမယ်ဆိုတဲ့ တရုတ်ရဲ့ ပြောကြားချက်တွေကို ကိုးကားပြီးလည်း အာရှနိုင်ငံတွေကို သတိပေးခဲ့ပါတယ်။
Ref: Reuters