လောင်းလုံး၊ ဇန်နဝါရီ(၁၅)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာရှိ သကျက်တောရဲကင်းစခန်းကို ဇန်နဝါရီ ၁၄ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားပြီလို့ ဒေသခံတွေနဲ့ လောင်းလုံး PDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၁၅ ဦးလောက်ရှိတဲ့ ရဲကင်းစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ရေးလမ်းကနေ တပ်အင်အား ၂၀ ကျော် ထပ်မံရောက်ရှိလာပြီးနောက် ဒီနေ့ မနက်ပိုင်းမှာပဲ ရေလမ်းကနေ အားလုံးစခန်းစွန့်ခွာသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့တွေဟာ ရဲကင်းစခန်းကိုမစွန့်ခွာမီ စခန်းအတွင်းရှိဘန်ကာတွေ၊ ကင်းတဲတွေကို ဖျက်ဆီးသွားခဲ့သလို စခန်းဆိုင်းဘုတ်ကိုလည်း ဆေးအဖြူနဲ့ ဖျက်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လောင်းလုံး PDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ရဲကင်းစခန်းစွန့်ခွာမှုဟာ ဝင်ရောက်စီးနင်းခံရမှာကို စိုးရိမ်တာကြောင့် မဖြစ်နိုင်သလို စစ်ရေးအရအရေးမပါလို့ စခန်းစွန်ခွာတာဖြစ်နိုင်တယ်လို့ သုံးသပ်တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့စခန်းအတွင်း မိုင်းထောင်တာတွေရှိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သွားရောက်စပ်စုတာတွေမလုပ်ကြဖို့ တိုက်တွန်းတာပါ။

ဒေသခံတွေအဆိုအရ သကျက်တောရဲကင်းစခန်းစွန့်ခွာမှုဟာ ကျောက်နီမော်ကျေးရွာရှိ ရဲစခန်းမှာ အင် အားသွားပေါင်းပူးတာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။သကျက်တောရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၆ ရက်က ကျေးရွာထိပ်ရှိ ထန်းရည်ဆိုင်မှာ ထန်းရည်လာဝယ်စဉ် ပစ်ခတ်ခံခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရှိထားပါတယ်။

သကျက်တောရဲစခန်း စွန့်ခွာမှုဖြစ်စဉ်ဟာ လောင်းလုံးမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်း စစ်ကောင်စီဘက်က ပထမဦးဆုံးစခန်းစွန့်ခွာမှုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.