မော်လမြိုင်၊ ဇန်နဝါရီ(၁၅)

လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတဲ့ အဖွဲ့တွေဟာ ၇ ကြိမ်ထက်မနည်း နှောင့်ယှက်ဖျက်ဆီးတိုက်ခိုက်ခံထားရတယ်လို့ ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီကျင်းပဖို့ကြိုးပမ်းနေတဲ့ အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်းတွေ မှန်ကန်စေဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတဲ့လုပ်ငန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး လိုက်လံကောက်ယူနေတာပါ။

မြေပြင်လူဦးရေစာရင်း စတင်ကောက်ယူတဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာတင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးအင်အားစု ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲ့ တိုက်ခိုက်မှုကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ခံခဲ့ရပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်အရ ဇန်နဝါရီ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ဖြစ်စဉ် ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်တစ်လက်နဲ့ ကျည်အိမ် ၂ ခု အပါအဝင် အဆောက် အအုံ မီးရှို့ဖျက်ဆီးခံရမှု၊ စာရင်းကောက်ယူတဲ့အဖွဲ့တွေဆီက စာရွက်စာတမ်းတွေ၊ အိမ်ထောင်စုပုံစံတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာမှာ လူဦးရေစာရင်းလိုက်ကောက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့စာရေးတို့ကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ရှင်းလင်းခဲ့တယ်လို့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ မြေပြင်စာရင်းကောက်ယူမှုကို စစ်ကောင်စီက လုံခြုံမှုအပြည့်အဝမပေးနိုင်တဲ့အတွက် တကယ်လို့များ ရွေးကောက်ပွဲလုပ်လာရင် ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီဝင်တွေရဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။“ရွေးကောက်ပွဲလုပ်လိုက်မယ်ဆိုရင် ဆိုးကျိုးကအများကြီး ရှိလာနိုင်တယ်လေ။ အခုဆိုရင်သန်းခေါင် စာရင်းလိုက်ကောက်နေတယ်။

ဒါ့အပြင်ကိုမှ စစ်ကောင်စီတပ်သားတွေက လုံခြုံမှုမပေးနိုင်ဘူး။ အခုဆိုရင်တချို့နေရာတွေမှာ သတ်ဖြတ်တာတွေရှိလာပြီ။ သြဂုတ်လမှာရွေးကောက်ပွဲလုပ်မယ်ဆိုရင် သတ် ဖြတ်တာတွေအများကြီးဖြစ်လာနိုင်တယ်။ အနည်းဆုံးရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ ပါတီဝင်တွေရဲ့ လုံခြုံရေး အများကြီးခြိမ်းခြောက်မှုရှိလာနိုင်တယ်” လို့ဆိုပါတယ်။

လက်ရှိမှာ မြေပြင်လူဦးရေစာရင်းကောက်ယူမှုကို စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့တွေကကောက်ယူနေပြီး သူတို့အတွက်လုံခြုံရေးကိုတော့ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဆောင်ရွက်ပေးနေတာပါ။လာမယ့်ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းကောက်ယူမှုကို ဇန်နဝါရီ ၉ ရက်နေ့ကနေ ၃၁ ရက်အထိ ၃ ပတ်အကြာ တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက်ယူသွားဖို့ စစ်ကောင်စီက ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလပြဌာန်းချက်အရ လဝက်သာကျန်ရှိတော့တဲ့ အာ ဏာသိမ်းစစ်ကောင်စီရဲ့ နောက်ဆုံးအကြိမ် အရေးပေါ်ကာလသက်တမ်းကလည်း ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာပါ။

နှစ်သစ်ကူးနဲ့ ပြည်ထောင်စုနေ့မိန့်ခွန်းတွေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အ ရေးပေါ်ကာလဆောင်ရွက်ချက်တွေပြီးရင် ပါတီစုံဒီမိုကရေစီစနစ်နဲ့ တစ်နိုင်ငံလုံးအကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်မယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမယ့် အာဏာသိမ်းမှုကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်း စစ်ရေးပဋိပက္ခတွေကြားမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကလွဲရင် ကျန်နိုင်ငံရေးပါတီတွေကတော့ ပါတီတွင်းစည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်တာမတွေ့ရှိရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ မြေပြင်လူဦးရေစာရင်းကောက်ယူတာကို မပူးပေါင်းကြဖို့ ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် လူဦးရေစာရင်းကောက်ယူမှုမှာပါဝင်တဲ့ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့သူတွေကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုသွားမယ်လို့ ကြေညာထားပါတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီရဲ့ မြေပြင်လူဦးရေစာရင်းကောက်ယူမှုဟာ နိုင်ငံရေးထွက် ပေါက်ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အထောက်အကူပြုဖို့အတွက်တင်မဟုတ်ဘဲ CDM ဝန် ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တော်လှန်ရေးမှာပါဝင်သူတွေကို ပစ်မှတ်ထားရှာဖွေလာနိုင်တာကြောင့် မပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.