မော်လမြိုင်၊ ဇန်နဝါရီ(၁၅)

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းအားစုဓာတ်မြေသြဇာတွေ မထည့်နိုင်တော့တာ၊ လက်ရှိကာလဟာ အရွက်ကြွေကာလဖြစ်တာကြောင့် ရော်ဘာအထွက်နှုန်း ၃ ပုံ ၁ ပုံထက်မနည်း ကျဆင်းလာတယ်လို့ ရော်ဘာစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရော်ဘာစိုက်တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း သွင်းအားစုဓာတ်မြေသြဇာအပါအဝင် ဆက်စပ်ပစ္စည်းတွေ ဈေးနှုန်း (၄)ဆနီးပါးမြင့်တက်လာတာ၊ အလုပ်သမားစရိတ်နဲ့ အထွေ ထွေကုန်ကျစရိတ်ကြီးမြင့်မှုဒဏ်ကို အလူးအလဲခံစားနေရတာပါ။

တဖက်မှာတော့ ရော်ဘာစိုက်တောင်သူတွေဟာ စစ်ကောင်စီရဲ့ညထွက်ရအမိန့်တွေကြောင့် ရော်ဘာအစေးခြစ်ဖို့ အခက်ကြုံနေသလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတာကြောင့် လုပ်ငန်းခွင်ရပ်နားရတဲ့အခြေအနေနဲ့ မကြာခဏဆိုသလို ရင်ဆိုင်နေရတာပါ။

အခုလို အခြေအနေမှာ ရော်ဘာအထွက်နှုန်းပါ ဆက်လက် ကျဆင်းနေတာကြောင့် လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ မနည်းကြိုးပမ်းနေတယ်လို့ ရော်ဘာခြံရှင်တစ်ဦးက ပြောပါတယ်။

“ဒီနှစ်အထွက်နှုန်းက မနှစ်ကထက်စာရင်တော့ လျော့တယ်ခြံတိုင်းပဲလေ။ အဓိကတော့ သွင်းအားစုပေါ့။ မြေဩဇာတွေကျွေးတာ အရင်နှစ်ကအိတ်(၂၀)ကျွေးရင် ဒီနှစ်(၁၀)အိတ်ပဲ ကျွေးတယ်ဗျာ။ တချို့ တလေ တောင်သူခြံတွေဆိုရင် မကျွေးဘူး။ မကျွေးတဲ့အခါကျတော့ အထွက်နှုန်းက မနှစ်ကထက်စာရင် ခြံတိုင်းလျော့ကြပါတယ်။ အခုရွက်ကြွေတဲ့ကာလမှာတော့ အရောင်းအဝယ် ဒီနေ့ကစပြီးပါးတာပေါ့။ ရွက်ကြွေကာလရောက်ပြီဆိုတော့ (၃)ပုံပုံ (၁)ပုံလောက်တော့ လျော့သွားပြီ”လို့ ဆိုပါတယ်။

ဒါ့အပြင် ရော်ဘာတွေဟာ ရာသီအစမှာ သွင်းအားစုမထည့်နိုင်တာကြောင့် အရင်နှစ်ကထက်အထွက်နှုန်း (၂၅) ရာခိုင်နှုန်းနီးပါး လျော့နည်းတာတွေရှိခဲ့သလို လက်ရှိအရွက်ကြွေကာလမှာလည်း အထွက်နှုန်းကျဆင်းနေတဲ့အတွက် တောင်သူအများစု နာလန်မထူနိုင်ဖြစ်နေရတာပါ။

ရော်ဘာခြံရှင်တစ်ဦးကလည်း ရော်ဘာပင်တွေ အရွက်ကြွေကာလဖြစ်တာကြောင့် အစေးထွက်နှုန်း သိသိသာသာလျော့နည်းလာသလို အထွေထွေကုန်ကျစရိတ်တွေကြောင့်လည်း အမြတ်အစွန်းနည်းသွားတယ်လို့ ပြောပါတယ်။

“အရွက်ဝါတဲ့အခါကျတော့ ကျွန်တော်တို့ ဘာဖြစ်လာလဲဆိုတော့ အထွက်နှုန်းတွေ လျော့လာတာပေါ့ဗျာ။ အစေးထွက်နှုန်းက သိသိသာသာလျော့သွားတယ်။ အထွက်နှုန်းတွေလျော့တော့ ကျွန်တော်တို့ နည်းနည်း အမြတ်အစွန်းက ပိုပြီးနည်းမယ်။ သွင်းအားစု၊ အလုပ်သမားစရိတ်ကလည်းကြီးတယ်။ ဘာဖြစ်လာလဲဆိုတော့ အရင်နှစ်တွေကထက်စာရင် အမြတ်အစွန်းနည်းသွားတာပေါ့ဗျာ”လို့ ဆိုပါတယ်။

ရော်ဘာဈေးနှုန်းကလည်း ရော်ဘာရာသီအစမှာ Local3 မှိုင်းခံပြား တစ်ပေါင်ကို ကျပ် (၁၈၀၀) ဝန်း ကျင်အထိ ဈေးရရှိခဲ့ပေမယ့် လက်ရှိမှာတော့ တစ်ပေါင်ကိုကျပ်(၁၂၀၀) နီးပါးအထိ ဈေးနှုန်းကျဆင်းမှု ဒဏ်ကို တောင်သူတွေခံစားနေရတာ ဖြစ်ပါတယ်။

ရော်ဘာဈေးကွက်မှာတော့ တရုတ်နဲ့ထိုင်းဘက်က ရော်ဘာအဝယ်လိုက်နေပေမယ့် ဈေးနှုန်းထင်သ လောက်မတက်လာတာကြောင့် ရော်ဘာတောင်သူတွေဟာ ရတဲ့ဈေးနှုန်းနဲ့သာ ရောင်းချနေရသလို ရော်ဘာဈေးနှုန်း ဆက်လက်ကျဆင်းလာပါက အရှုံးပေါ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

မွန်ပြည်နယ်ဟာ ရော်ဘာစိုက်ပျိုးဧက (၅)သိန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရော်ဘာတန်ချိန် (၁)သိန်းကျော်ထွက်ရှိကာ ရော်ဘာကဏ္ဍကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းနဲ့ချီရရှိနေတာ ဖြစ်ပါတယ်။

ဒါပေယ့် မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍဟာ စစ်တပ်အာဏာသိမ်းမှုဒဏ်ကို တခြားလုပ်ငန်းတွေ နည်းတူ အလူးအလဲ ခံစားနေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.