တိုကျို – ဇန်နဝါရီ(၁၅)
ဂျပန်အစိုးရ ဖျက်ဆီးထားတဲ့ ဖူကူရှီးမား နျူကလီးယားဓာတ်ပေါင်းဖို အပိုင်းအစ မီလျံ တန်ကျော်ကို နိုင်ငံအတွင်း သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ပြုပြင်ပြီး ပင်လယ်ထဲ စွန့်ပစ်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နျူကလီးယားပျက်စီးအပိုင်းအစတွေကို လွှတ်ထုတ်ဖို့ ဆောင်ရွက်မယ့် အဆိုပြုလွှာဟာ လုံခြုံမှု ရှိပေမယ့် အိမ်နီးချင်းနိုင်ငံတွေဘက်က စိုးရိမ်မှုတွေရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ(IAEA) က ဆိုထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖူကူရှီးမား သဘာဝဘေးအန္တရာယ်ဟာ ချာနိုဘီလ် ဖြစ်ပြီးနောက်ပိုင်း အဆိုးရွားဆုံး နျူကလီးယားဘေးအန္တရာယ်ဖြစ်ကာ ပျက်စီးအပိုင်းအစတွေ ဖျက်သိမ်းတဲ့ လုပ်ငန်းကို (၄) နှစ်ကျော်ကြာ လုပ်ဆောင်ထားတာပါ။
ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးအကြီးအကဲ ဟီရိုကာဇူ မတ်ဆူနိုက ရေဒီယိုသတ္တိကြွအရည်တွေ သွန်လွှတ်မှုကို နွေဦးဒါမှမဟုတ် နွေရာသီ အတွင်း ဆောင်ရွက်မှာဖြစ်ပြီး IAEA ရဲ့ ပြီးပြည့်စုံတဲ့ အစီရင်ခံစာ ကိုလည်း စောင့်ဆိုင်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ရေဒီယိုသတ္တိကြွအိုင်ဆိုတုတ်အများစုကို စစ်ထုတ်ထားပြီး ထရီတီယမ်အတိုင်းအတာဟာ နိုင်ငံက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းထက်များနေတယ်လို့ ထုတ်လွှတ်ရေး လုပ်ငန်း ဆောင်ရွက်သူ Tepco ကပြောခဲ့ပါတယ်။
ထရီတီယမ်ကို ရေထဲက ဖယ်ရှားဖို့ ခက်ခဲပြီး ပမာဏများပြားမှသာ လူတွေအတွက် အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဖူကူရှီးမား နျူဓာတ်ပေါင်းဖိုကနေ မြေအောက်ရေ၊ ပင်လယ်ရေ နဲ့ ဓာတ်ပြုပစ္စည်းအတွက် အသုံးပြုတဲ့ ရေဆိုးတွေကို တစ်ရက် (၁၀၀) ကုဗမီတာ လောက်ထုတ်လုပ်နေတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ရေဆိုးထုတ်လွှတ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ဆိုကာ ပစိဖိတ် ကျွန်းစုများ ဖိုရမ်ဘက်က ဝေဖန်ထားသလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်း ငါးဖမ်း သမားတွေကလည်း ဆန့်ကျင်ထားကြပါတယ်။
၂၀၁၁ခုနှစ် မတ်လက ပြင်းအား မက်ဂနီကျု ၉.၀ ရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ကြီးမားတဲ့ ဆူနာမီဖြစ်လာပြီး အဲဒီဆိုနာမီ လှိုင်းလုံးတွေဟာ ဖူကူရှီမား ဒိုင်ချီနျူကလီးယား ဓာတ်ပေါင်းဖို ကို ထိခိုက်ကာ ဓာတ်ပေါင်းဖို(၃)လုံး ရေနစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက စက်ရုံမှ ပေါက်ကွဲမှုတွေ စတင်လာပြီးနောက် အထူးဖယ်ရှားရေးဇုံ သတ်မှတ် ပြီး လူပေါင်း (၁၅၀,၀၀၀) ကျော်ကို အဲဒီဧရိယာက ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
Ref:BBC