ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ(၁၅)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေအပေါ် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုတာတွေ ရှိနေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အရပ်သားတွေကိုဖမ်းဆီးပြီး ပေါ်တာနဲ့လူသားဒိုင်းအဖြစ် အသုံးပြုလာတာကြောင့် တော်လှန်ရေးအင်အားစုတွေက အရပ်သားပြည်သူတွေနဲ့ ကျေးရွာနေအိမ်တွေကို အထိခိုက်မခံလိုတာကြောင့် နယ်မြေအချို့ကနေ ထွက်ခွာပေးခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ကျေးရွာနဲ့လွတ်ကင်းတဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဟာ အရပ်သားပြည်သူ(၆)ဦးကို ပစ်သတ်သွားခဲ့ပြီး နေ အိမ်နဲ့ ဆိုင်ခန်းတွေကို မွှေနှောက်ခိုးယူတာ၊ လုယက်ဖျက်ဆီးတာတွေပြုလုပ်ခဲ့သလို ပြည်သူလူထုအ ပေါ်ထိခိုက်မှာကို မလိုလားလို့ဆုတ်ခွာပေးလိုက်တဲ့ KNU ဂိတ်စခန်းတစ်ခုကိုလည်း စစ်ကောင်စီတပ်မှ မီးရှို့သွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်သူလူထုတွေဟာ ကျေးရွာအိုးအိမ်တွေကိုစွန့်ခွာပြီး စစ်ဘေးရှောင်တွေအဖြစ် ဘေးလွတ်ရာအခြားမြို့နယ် ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ဘေးရှောင်ကျေးရွာ (၂၀)ကျော်ရှိနေကာ ထပ်မံပြီးစစ်ဘေးရှောင်ကျေးရွာတွေ ထပ်တိုးလာလျက်ရှိတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုထားပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း(၂၀)ကျော်က ဒေသခံပြည်သူစုစုပေါင်း(၁၆၀၀၀)ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အဲ့ဒီစစ်ဘေးရှောင်တွေထဲမှာ အသက်(၅)နှစ်အောက် ကလေးငယ်ဦးရေ (၂၀၀၀)ဝန်းကျင်ခန့် ရှိနေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကွင်းဆင်းစစ်တမ်းကောက်ယူမှုအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်