ကျိုက်ထို၊ ဇန်နဝါရီ(၁၅)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကဒက်ချောင်းတံတားအနီး ဈေးဆိုင်တန်းမှာ ဇန်နဝါရီ ၁၃ ရက်နေ့ညက ဆယ်အိမ်မှူးအပါအဝင် ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ ည ၈ နာရီလောက်က ကဒက်ချောင်းတံတားထိပ်နေ ဆယ်အိမ်မှူးဦးပေါ်ထွန်းနေအိမ်ကို လက် နက်ကိုင်သူ ၄ ဦး ရောက်လာပြီးနောက် ဦးပေါ်ထွန်းနဲ့စကားထိုင်ပြောနေတဲ့ ဒေသခံကိုဇော်မင်းတို့ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အသက် ၄၃ နှစ်အရွယ် ဦးပေါ်ထွန်းဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ အသက် ၃၅ နှစ်အရွယ်ကိုဇော်မင်းမှာ နဖူးပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ သေနတ်နဲ့ပစ်ခတ်ခံလိုက်တဲ့ ဦးပေါ်ထွန်းဟာ စစ်ကောင်စီတပ်ထံ သတင်းပေးဒလန်လုပ်နေသူဖြစ်ပြီး ပြည်သူတွေမတရားဖမ်းဆီးခံရဖို့ အဓိကသတင်းပေးနေသူတစ်ဦးဖြစ်တယ်လို့ ပြောဆိုနေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့တုန်းကလည်း ကျိုက်ထိုမြို့နယ်၊ ကဒက်ချောင်းကျေးရွာက မိခင်ဖြစ်သူ ဆိုင်မှာရှိနေတဲ့ စစ်ကောင်စီရဲတပ်သားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံထားရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်