မူဆယ် – ဇန်နဝါရီ(၁၃)

ရှမ်းပြည်နယ် မူဆယ်ခရိုင် မူဆယ်မြို့မှာ နေထိုင်တဲ့ အွန်လိုင်းဆယ်လီ ကိုကျော်ရဲထွေး(ခ) အလင်း သခင်ကို ဒီနေ့ ဇန်နဝါရီလ(၁၃) ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ စစ်ကောင်စီ က အလုပ်နဲ့ ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ကိုကျော်ရဲထွေး(ခ) အလင်းသခင်ကို စစ်ကောင်စီဖမ်းဆီးချိန်မှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခဲ့တာမဟုတ်ဘဲ လူမှုကွန်ရက်မှာ “နီးစပ်ရာ တလရ ကိုလှူဒါန်း” ဆိုပြီး ရေးသားခဲ့လို့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဖမ်းဆီးချိန်မှာ ရှမ်းပြည်မြောက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို လှူဒါန်းထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ့ရပေမယ့် သူ့ရဲ့နာမည်နဲ့ မဟုတ်တဲ့ဟာတွေ လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

“ သူတို့အမိန့်ချလိုက်တာ မတရားဘူးလို့ ထင်တယ်။ အမှုနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေ အထောက်အထားလည်းမရှိဘူး။ သက်သေအထောက်အထားမရှိဘဲ အမိန့်ချမှတ်လိုက်တာ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံရရင် အနည်းဆုံးထောင်ဒဏ်(၅) နှစ် ကနေ အများဆုံးထောင်ဒဏ် (၁၀) နှစ်ထိချမှတ်နိုင်သလို ငွေဒဏ်လဲ ချမှတ်နိုင်တယ်လို့ ၂၀၁၄ ခုနှစ်က ကြံ့ခိုင်ရေး သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုး အတည်ပြုထားတာဖြစ်ပါတယ်။

ကိုကျော်ရဲထွေး(ခ) အလင်းသခင်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဆန်းပိုင်းက မူဆယ်မြို့မှာစစ်ကောင်စီတပ်တွေလာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ (၁၇၂၁၇) ဦးရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.