စစ်တွေ၊ ဇန်နဝါရီ(၁၄)
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ အပစ်ရပ်ထားပေမယ့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက စစ်ရှောင်ဒုက္ခသည် ၉ သောင်းနီးပါးဟာ လက်ရှိအချိန်အထိနေရပ်မပြန်နိုင်သေးဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA )က ပြောကြားလိုက်ပါတယ်။
အပစ်ရပ်ထားတာ တစ်လကျော်ကြာရှိလာပေမယ့် လမ်းပန်းဆက်သွယ်ရေးနဲ့ စားဝတ်နေရေးအပါအဝင် အထွေထွေအခက်အခဲတွေကြောင့် စစ်ရှောင်ဒုက္ခသည်တွေနေရပ်ပြန်ဖို့ အခက်ကြုံနေရတယ်လို့ UNOCHA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ထုတ်ပြန်တာပါ။
အဲဒီဒေသက စစ်ရှောင်ဒုက္ခသည်တွေဟာ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ဒုက္ခသည် ၁၆၀၀၀ ကျော်ရှိပြီး ဒီရေအတွက်ဟာ အရင်နဲ့လက်ရှိစစ်ရှောင်ဒုက္ခသည်စုစုပေါင်းအရေအတွက်လို့လည်း သိရပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်ဖို့အတွက် နေအိမ်တွေမီးရှို့ခံရတာကြောင့် နေစရာမရှိတော့တာ၊ တိုက်ပွဲကြောင့် လုပ်ငန်းတွေပျက်စီးသွားတဲ့အတွက် ပြန်လည်ရပ်တည်ဖို့ခက်ခဲတာ၊ ကျေးရွာအနီးမှာ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားတာ၊ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် နေရပ်မပြန်ရဲကြသေးတာလို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ အပစ်ရပ်ထားပေမယ့် နှစ်ဖက်စလုံးမှာ စစ်ဆေးရေးဂိတ်တွေချထားဆဲဖြစ်ပြီး သံသယလုံးဝကင်းစင်တဲ့ အခြေအနေမဟုတ်လို့ ဒေသခံတွေနဲ့စစ်ရှောင်ဒုက္ခသည်တွေမှာ ဘေးကြပ်နံကြပ်အခြေနေနဲ့ ရင်ဆိုင်နေရတာပါ။
တိုက်ပွဲကာလအတွင်းက ပိတ်ပင်ခဲ့တဲ့အရေးပါတဲ့လမ်းမကြီးတွေနဲ့ ရေလမ်းကြောင်းတွေကိုတော့ ပြန် ဖွင့်ပေးထားပြီး ရသေ့တောင်-ပုဏ္ဏားကျွန်း ကားလမ်းကိုတော့ စစ်ကောင်စီတပ်က ဒီကနေ့အထိ ပိတ်ပင်ထားတယ်လို့လည်း UNOCHA က ဆိုထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းက အဓိကလမ်းမတွေကို ပြန်ဖွင့်ပေးလိုက်တာကြောင့် ထိခိုက်ခံစားနေရတဲ့သူတွေနဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေးအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ ပြန်လည်စတင်ခွင့်ပြုထားပေမယ့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့၊ ကျောက်တော်နဲ့ ပေါက်တောစတဲ့ မြို့နယ်ရှစ်ခုမှာတော့ မြို့ပေါ်မှာသာလုပ်ဆောင်ခွင့်ပေးထားတယ်လို့လည်း သိရပါတယ်။
UNOCHA ကတော့ စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကျပ်မှုတွေ၊ ကန့်သတ်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားတွေအပေါ်မှာ ခြိမ်းခြောက်မှုတွေကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေဟာ အဟန့်အတားဖြစ်နေရတယ်လို့ ဆိုထားပါတယ်။
ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(NUOCHA) အဆိုအရ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် နှစ်ကုန်အထိနေရပ်စွန့်ခွာနေရသူစုစုပေါင်း ၁ ဒသမ ၅ သန်းကျော်အထိရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်