သထုံ -ဇန်နဝါရီ(၁၄)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကနေ ဇန်ဝါရီ ၁၄ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ(၁)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်မ(၄၄) လက်အောက်ခံ တပ်ရင်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး KNU သထုံခရိုင် ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထို၊ သထုံနဲ့ ဘားအံမြို့နယ်တွေထဲက ကျေးရွာတွေအပေါ် နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂) တပ်ရင်းကနေ ကျိုက်ထိုမြို့နယ်၊ ဝင်းကလောကျေးရွာအုပ်စု၊ လှည်းလမ်းကူးကျေးရွာထဲကို လက်နက်ကြီး ၆၀ မမ ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၃ နှစ်အရွယ် ဦးကျော်မြင့်နဲ့ အသက် ၁၆ နှစ်အရွယ် မဖြူနှင်းသူတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ကလည်း သိမ်ဇရပ်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ -၂၀၇ နဲ့ အမှတ်-၃၁၀ အမြောက်တပ်ရင်းကနေ ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာထဲကို လက်နက်ကြီး (၁၂၀ /၆၀ မမ) ၈ လုံး ပစ်ခတ်ခဲ့တာကြောင့် အသက်၂၆ နှစ်အရွယ် ကိုဇော်မိုးလွင် ကျည်ထိမှန်သေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် မောင်ထက်မြတ်လမင်းအပါအဝင် မိသားစုဝင် ၆ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သထုံနဲ့ဘားအံမြို့နယ်အတွင်း ကျေးရွာတွေအပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သထုံခရိုင်ထဲက ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.