မော်လမြိုင်၊ ဇန်နဝါရီ(၁၄)
လာမယ့်ရွေးကောက်ပွဲအတွက် စစ်ကောင်စီက မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ချို့တို့မှာ မြေပြင်လူဦးရေးစာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေတဲ့အပေါ် အဆင့်ဆင့်တုံ့ပြန်သွားမယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး မွန်ပြည်နယ်ရှိ ကျိုက်မရော၊ ကျိုက်ထို၊ မော်လမြိုင်၊ ချောင်းဆုံနဲ့သံဖြူဇရပ်အပါအဝင် မြို့နယ်တစ်ချို့တို့မှာ လုံခြုံရေးအပြည့်နဲ့ မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။
မြေပြင်လူဦးရေစာရင်းကောက်ယူမှုကို စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ကောက်ယူနေပြီး သူတို့အတွက်လုံခြုံရေးကိုတော့ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဆောင်ရွက်ပေးနေတာပါ။
ရေးမြို့နယ်အခြေစိုက် ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တာဝန်ခံ ဗိုလ်ကျန်ရစ်ကတော့ လူဦးရေစာရင်းကောက်ယူမှုမှာ လိုက်လံဆောင်ရွက်နေသူတွေကို စုံစမ်းပြီး သတိပေးတာတွေ လုပ်ဆောင်ကာ နစ်နာမှုရှိတွေလာရင် အရေးယူသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့က ဒီကောင်တွေကို လုံးဝလက်မခံဘူး၊ စကစကို လက်မခံဘူး။ လက်မခံတဲ့အတွက် တုံ့ ပြန်ဖို့အတွက် အဆင့်ဆင့်လုပ်ထားတယ်။ ကျွန်တော်တို့ Y.G.F အနေနဲ့ အဆင့်၃ဆင့်နဲ့ တုံ့ပြန်ဆောင် ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ ပထမအဆင့်က စစ်ကောင်စီက စာရင်းကောက်ယူချိန် ပြည်သူတွေမပါဝင်ဖို့ တားမြစ်မယ်။ ဒုတိယအချက်က စစ်ကောင်စီကို လက်ခံတဲ့သူတွေကို ကျွန်တော်တို့လည်း သတင်းပြန်ယူမယ်။ စစ်ကောင်စီကို ဘယ်သူတွေက လုံးဝအားကြိုးမာန်တက် လိုက်လုပ်ပေးနေလဲပေါ့။ သတိ ပေးမယ်။ တတိယအချက်က နစ်နာမှုတွေရှိလာရင် အရေးယူမယ်”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ မြေပြင်လူဦးရေးစာရင်းကောက်ယူမှုမှာ တော်လှန်ရေးလုပ်ဆောင်နေသူတွေနဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေသူတွေကို ဖမ်းဆီးနိုင်ဖို့ အချက်အလက် စုံစမ်းတာဖြစ်တယ်လို့လည်း ဗိုလ်ကျန်ရစ်က ထောက်ပြပါတယ်။
ဒေသခံတွေရဲ့အဆိုအရ လူဦးရေစာရင်းကောက်ယူတဲ့အဖွဲ့တွေဟာ အိမ်တစ်အိမ်ကို စုရပ်အဖြစ်လုပ်ပြီး ဆယ်အိမ်မှူး၊ရာအိမ်မှူးတွေက နေအိမ် ၁၀ လုံးလောက်က အိမ်သားတွေကိုခေါ်ကာ သန်းခေါင်စာရင်း ယူလာခိုင်းတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယူလာတဲ့သန်းခေါင်စာရင်းပေါ်က နာမည်တွေကို ခေါ်မေးပြီး ရှိ၊မရှိ ၊ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာတွေကို မေးမြန်းကာ နေအိမ်မှာမရှိတဲ့သူတွေကို စာရင်းမှတ်ယူတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။
ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ သခင်မျိုးဆက်ကလည်း စစ်ကောင်စီရဲ့ မြေပြင်လူဦးရေစာရင်းကောက်ယူမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူမှုနိုင်မဟုတ်တဲ့အတွက် ရွေး ကောက်ပွဲ မဖြစ်လာနိုင်ကြောင်းနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို တားဆီးသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စာရင်းကောက်တယ်ဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်နိုင်မှသာ ရွေးကောက်ပွဲက ဖြစ်နိုင်မှာပေါ့၊ အခုသူတို့လုပ်နေတဲ့ပုံစံက မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ပုံစံမျိုး ဖြစ်နေတာပေါ့။ရွေးကောက် ပွဲကလည်း မဖြစ်လာနိုင်ဘူး။ ရွေးကောက်ပွဲမှာ ပါဝင်ပြီးလုပ်ဆောင်ပေးနေသူအကုန်လုံးကတော့ တော်လှန်ရေးပြီးသွားရင် ပြည်သူတွေပေးတဲ့ နိုင်ငံရေးပြစ်ဒဏ်ကို သေသေချာချာခံရမှာပေါ့။ ကျွန် တော်တို့တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း ၂၀၂၃ မှာ စစ်ကောင်စီလုံးဝ ရွေးကောက်ပွဲလုပ်လို့ မရအောင် သံန္နိဌာန်လုံးဝချထားတယ်။ မဖြစ်ဖြစ်အောင် တားဆီးမယ်။ မဖြစ်လာအောင် လုပ်မယ်။တစ်ဖက်မှာလည်း ကျွန်တော်တို့ရဲ့ နောက်ဆုံး ၂၀၂၃ က တော်လှန်ရေးရဲ့ အဆုံးအဖြတ်နှစ်တစ်နှစ်ဖြစ်အောင်လို့လည်း ထပ်ပြီးတော့ ကြိုးစားနေတယ်”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီကတော့ တစ်နိုင်ငံလုံးအကြားအလပ်မရှိ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီစနစ် အထွေထွေရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်ပေးမယ်လို့ ပြောဆိုနေတာပါ။
ဒါ့ပြင် ၂၀၂၃ တစ်နှစ်တာအတွင်း အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာထားပြီး တစ်ဖက်မှာတော့ တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဌာနချုပ်နဲ့ တပ်ရင်းစခန်းတွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဒီရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေတာပါ။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ ရွေးကောက်ပွဲမဖြစ်မြောက်ဖို့ နိုင်ငံရေးရော၊ သံတ မန်ရေးရော ဦးဆောင်အဖွဲ့အစည်းတွေက ဖြေရှင်းနေကြတဲ့အနေအထားမှာ ဇွတ်တိုးလုပ်လာမယ်ဆိုရင် အခုထက်ပိုပြီး တုံ့ပြန်မှုပြင်းထန်လာဖို့ရှိတယ်လို့ ဆိုပါတယ်။
“အခုချိန်မှာ ရွေးကောက်ပွဲ မဖြစ်သေးတဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒါကိုတတ်နိုင်သမျှ ပြည်သူလူ ထုနဲ့ ရွေးကောက်ပွဲမဖြစ်မြောက်ဖို့ နိုင်ငံရေးနည်းအရ၊ သံတမန်ရေးနည်းအရ ကျွန်တော်တို့ရဲ့ ဦး ဆောင်အဖွဲ့အစည်းတွေက ဖြေရှင်းဆောင်ရွက်နေကြတာဖြစ်တယ်။ အဲဒီအနေအထားမှ နောက်မဆုတ်ဘဲ ဆက်ပြီးဇွတ်တိုး လုပ်ဆောင်လာမယ်ဆိုရင် အခြေအနေတွေက ပိုရှုပ်ထွေးလာဖို့ပဲရှိတယ်။ အဲဒီကြားထဲကမှ သူတို့ကဇွတ်တိုးပြီး စစ်အာဏာရှင်အသက်သွင်းဖို့ သူတို့ရဲ့အာဏာဆက်ပြီး တည်မြဲဖို့ လုပ်ဆောင်ခြင်းဟာ ကျွန်တော်တို့ပြည်သူလူထုအများစုရဲ့ဆန္ဒကို သွေဖယ်လုပ်ဆောင်ခြင်းသာ ဖြစ်တဲ့အတွက် အခုထက်ပိုပြီး ပြည်သူတွေရဲ့တုံ့ပြန်မှုက ပြင်းထန်လာဖို့ပဲ ရှိပါတယ်”လို့ သူက ဆိုပါတယ်။
လာမယ့်ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းကောက်ယူမှုကို ဇန်နဝါရီ ၉ ရက်နေ့ကနေ ၃၁ ရက်အထိ ၃ ပတ်အကြာ တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက်ယူသွားဖို့ စစ်ကောင်စီက ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ မြေပြင်လူဦးရေစာရင်း ကောက်ယူတာကို မပူးပေါင်းကြဖို့ ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် လူဦးရေစာရင်း ကောက်ယူမှုမှာပါဝင်တဲ့ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့သူတွေကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုသွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်