မော်လမြိုင်၊ ဇန်နဝါရီ(၁၄)
လာမယ့်ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗေးရှင်းစင်တာ (MCC) ခန်းမမှာ ကျင်းပသွားမယ်လို့ ကျင်း ပ ရေးကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဟံသာဝတီပြည်ကို တည်ထောင်ခဲ့တဲ့ တပို့တွဲလဆုတ် ၁ ရက်နေ့ကိုအစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ မွန်အမျိုးသားနေ့ကို မွန်လူမျိုးတွေနေထိုင်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ဗဟိုအဆင့်တို့နဲ့ နှစ်စဉ်ကျင်းပလာကြတာပါ။
ဒီနှစ်မှာကျရောက်မယ့် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကိုတော့ ရန်ကုန်မြို့ရှိ MCC ခန်းမမှာ တစ်ရက်တည်းသာ ကျင်းပဖို့စီစဉ်ထားပြီး မွန်စာပေပြိုင်ပွဲကလွဲရင် ယိမ်းအကနဲ့ သီချင်းဆိုပြိုင်ပွဲတွေ မလုပ်ဖြစ်ဘူးလို့ ကျင်းပရေးကော်မတီဥက္ကဋ္ဌနိုင်အောင်ထူးက ပြောပါတယ်။
မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို အရင်နှစ်တွေတုန်းက ၃ ရက်တိုင် ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် အကျဉ်းရုံးကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။
၇၆ ကြိမ်မြောက် မွန်မျိုးသားနေ့ မြေစိုက်ပိုစတာကိုတော့ ရှေးအကျဆုံး အေဒီ ၆ ရာစုနဲ့ ၇ ရာစုအတွင်းက စတင်တွေ့ရှိခဲ့တဲ့ မွန်အုတ်ခွက်ဘုရားတွေမှာ မွန်ဘာသာကဗ္မည်းစာရေးထိုးထားတဲ့ ပုဂံအုတ်ခွက် ဘုရား၊ သထုံအုတ်ခွက်ဘုရား၊ ဒွါရဝတီအုတ်ခွက်ဘုရားစတဲ့ အုတ်ခွက်ဘုရားပုံတွေနဲ့ ဖော်ပြထားပါတယ်။
ဒီအပေါ်မှာ ခေတ်ကာလလူငယ်တွေအားလုံး တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ဖို့ ၊ အမျိုးဘာသာ သာသနာယဉ်ကျေးမှုတွေကို ဖော်ထုတ်မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ကျင်းပရေးကော်မတီက ဆိုပါတယ်။
ပြီးခဲတဲ့ ၇၅ ကြိမ်မြောက် စိန်ရတုမွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကိုတော့ ကနဦးမွန်ပြည်နယ်ခန်းမမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အနှစ်သာရရှိရှိနဲ့ ပိုမိုကျယ်ပြန့်စွာကျင်းပနိုင်ဖို့ မော်လမြိုင်မြို့ရှိ ရာမညရဌဗုဒ္ဓတက္ကသိုလ်မှာ ပြောင်းလဲကျင်းပခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်