မော်လမြိုင်၊ ဇန်နဝါရီ(၁၄)
မွန်ပြည်နယ်၊ မော်လမြိုင်လေဆိပ်အနီးရှိ ဈေးဆိုင်ခန်းတွေကို တစ်လအတွင်း ဖျက်သိမ်းပေးဖို့ စစ်ကောင်စီ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဖိအားပေးလာတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဈေးဆိုင်ခန်းတွေဖျက်သိမ်းဖို့ စစ်ကောင်စီဖိအားပေးလာတဲ့ အကြောင်းကြားစာထဲမှာတော့ မော်လမြိုင်လေဆိပ်က အရင်မြေငှားရမ်းထားတဲ့ ဆိုင်ခန်းအားလုံးပါဝင်သလို ဌာနခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေလည်း ပါဝင်တာပါ။
အဲဒီဈေးဆိုင်ခန်းတွေဟာ ဇန်နဝါရီလ (၃)ရက်နေ့ကနေစတင်ပြီး ဖေဖော်ဝါရီ (၂)ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရမယ်လို့ စစ်ကောင်စီကဖိအာပေးလာတာ ဖြစ်ပါတယ်။ဆိုင်ခန်းပိုင်ရှင်တစ်ဦးကတော့ မော်လမြိုင် လေဆိပ်အနီးရှိ ဈေးဆိုင်ခန်းတွေဟာ သက်တမ်းတွေအနေနဲ့ နှစ်ပေါင်း (၃၀) ဝန်းကျင်ထိရှိတာကြောင့် အခုလိုတစ်လအတွင်း ဖျက်သိမ်းခိုင်းတဲ့အတွက် အချိန်လုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။
“ဖျက်ခိုင်းတာပေါ့ သူတို့ကလေ။ အဲဒီသတင်းက ထွက်နေတာ တစ်လလောက်တော့ရှိပြီ။ ဒီမော်လမြိုင်မှာလေ အဲဒီကျူးကျော်တွေအကုန်လုံးကို ရှင်းပစ်မှာပေါ့။ တမင်သက်သက် ဒုက္ခပေးတာပေါ့ ပြည်သူတွေကို။ တစ်တန်းလုံး ပါသွားမှာပေါ့။ သူတို့က ဆိုင်ခန်းတစ်ခန်းဆို မှီခိုနေတဲ့မိသားစုက အများကြီးဟာ။ ဆိုင်ခန်းတစ်ခန်းမှာဆိုရင် အဲဒီကနေပဲ ကျောင်းတက်တဲ့ကလေးတွေအများကြီး။ ကျောင်းတက်တယ်၊ အဲဒီကနေပဲ စားသောက်ပြီးတော့ မိဘတွေရှာကျွေးနေတာလည်း ရှိတာပဲ။ မိသားစုအများကြီး ဒုက္ခရောက်မှာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီကတစ်လအတွင်း ဈေးဆိုင်ခန်းတွေဖျက်သိမ်းခိုင်းတာကြောင့် ဆိုင်ခန်းအသစ် ရှာဖွေဖို့အတွက် အခက်အခဲရှိသလို အလုပ်လက်မဲ့ပြဿနာတွေနဲ့ပါ ထပ်မံရင်ဆိုင်လာရနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကဈေးဆိုင်ခန်းတွေ ဖျက်သိမ်းခိုင်းတာဟာ ပြည်သူတွေကို တမင်သက်သက်ဒုက္ခပေးတာ ဖြစ်သလို ဆိုင်ခန်းတွေဖျက်သိမ်းလိုက်ပါက ဆိုင်ခန်းတွေအပေါ်မှီခိုနေရတဲ့ မိသားစုတွေဒုက္ခရောက်ကုန်မယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့ကတော့ ဒီလကုန်ပေါ့ (၂)ရက်နေ့ပေါ့။ စာကတော့ ထွက်လာတယ်။ ဆိုင်တွေက သက်တမ်းတွေက မတူကြဘူး။ (၂၅)နှစ် ကျော်တွေလည်း ရှိတယ်။ (၃၀)တွေလည်း ရှိတယ်။ ဖျက်သိမ်းဆိုတော့ အရန် သင့်တော့ မဖြစ်နေဘူးပေါ့။ အချိန်မရဘူး။ အချိန်လေးတော့ လိုအပ်တာပေါ့ အဲဒါပဲ။ အချိန်က တစ်လနီးပါးလောက်ပဲ ရတယ်။ အရင်ကလည်း အဲဒီလိုပဲဖျက်ရမယ်ဆိုပြီးတော့ အသံထွက်တော့ထွက်တယ်။ ဖျက်သိမ်းပေးဖို့ သတင်းကတော့ ထွက်ဖူးတယ်။ အခုကတော့ စာနဲ့လက်မှတ်ထိုးရ အဲဒီလိုမျိုးပေါ့”လို့ ဆိုပါတယ်။
မော်လမြိုင် လေဆိပ်အနီးရှိဈေးဆိုင်ခန်းတွေကို စစ်ကောင်စီ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက နေရာအကျယ်အဝန်းအပေါ်မူတည်ပြီး တစ်လကို ကျပ် ၆ သောင်းကနေ ကျပ် ၅ သိန်းလောက်အထိ ကောက်ခံနေတာ ဖြစ်ပါတယ်။
လေဆိပ်အနီးရှိ ဈေးဆိုင်ခန်းတွေကို ဖျက်သိမ်းခိုင်းတာဟာ စစ်ကောင်စီက လေဆိပ်တိုးချဲ့ဖို့ မဟုတ်ဘဲ သူတို့ရဲ့ တိုက်လေယာဉ်တွေ၊ စစ်ရေးသုံး ရဟတ်ယာဉ်တွေကို ပြည်သူတွေမတွေ့အောင်ထားရှိဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီကဖျက်သိမ်းခိုင်းတဲ့ မော်လမြိုင်လေဆိပ်အနီးပတ်ဝန်းကျင်မှာတော့ ဈေးဆိုင်ခန်းတွေအနေနဲ့ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်ပစ္စည်းဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်၊ ပန်းဆိုင်တွေ အပါအဝင် ဆိုင်ခန်းပေါင်း (၆၀) ထက်မနည်းရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်