ဖာပွန် – ဇန်နဝါရီ(၁၃)
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေထဲက လေးဝါးကျေးရွာ လေယာဉ်နဲ့ ဗုံးကြဲခံရတာကြောင့် အသက်(၂)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ(၅)ဦး သေဆုံးပြီး စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နေအိမ်အဆောက်အဦးတွေ အများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၂)ရက်နေ့ မွန်းလွဲ(၂)နာရီကျော်အချိန်က KNU ဖာပွန်ခရိုင် လူသောမြို့နယ် ပေကေကျေးရွာအုပ်စု လေးဝါးကျေးရွာထဲကို စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေက လေကြောင်းပစ်ခတ်မှုပြုလုပ်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံရွာသား(၅)ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တာပါ။
ဒဏ်ရာရတဲ့ ရွာသား(၂)ဦးကိုတော့ ကျန်းမာရေးဝန်ထမ်းတွေက နီးစပ်ရာဆေးခန်းကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူစေခဲ့တယ်လို့ KHRG က ဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ဗုံး(၈)လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုရားရှိခိုးကျောင်း စာသင်ကျောင်းအဆောက်အဦးတွေနဲ့ နေအိမ်(၂၁)လုံး ထိခိုက်ပျက်စီးခဲ့သလို ရွာသားတွေရဲ့ မွေးမြူရေးတိရိစ္ဆာန်တွေလည်း ထိခိုက်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။
အခုလို အရပ်သားအပေါ်ပစ်မှတ်ထားပြီး စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံရွာသူရွာသားတွေအားလုံးဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း KHRG က ဆိုထားပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံး KWO ရဲ့ ထုတ်ပြန်ချက်အရကတော့ ကျေးရွာအပေါ်ကို ဗုံး(၉)လုံး ထိမှန်ကျရောက်ပေါက်ကွဲခဲ့ပြီး မိခင်နဲ့ အသက်(၂)နှစ်အရွယ် ကလေးအပါအဝင် ဘုရားကျောင်းကော်မတီဝင်နဲ့ ခရစ်ယာန်ဘာသာရေးဆရာတော်တွေ စုစုပေါင်း(၅)ဦး သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
KNU တပ်မဟာ(၅)ပြောခွင့်ရသူ ပဒိုမန်းမန်းကတော့ စစ်ကောင်စီဟာ အကြမ်းဖက်အလုပ်တွေကို အဆုံးစွန်မိုက်တာ ဖြစ်ပြီး သူတို့လုပ်ရပ်အပေါ်မှာ ပြောစရာ မှတ်ချက်ပေးစရာကို မရှိတော့ဘူးလို့ ပြောပါတယ်။
စစ်ကောင်စီက စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို တစ်နှစ်တာအပစ်ရပ်စဲမယ်လို့ ထုတ်ပြန်ကြေငြာထားပေမယ့်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီ(၃)ရက်နေ့က ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ ဒွယ်လိုးမြို့နယ် မဲဝိုင်ကျေးရွာ ဒိုမယ်ခီးကျေးရွာ ခလိုခီးကျေးရွာနဲ့ လုပ်ငန်းခွင်တွေထဲကို စစ်ကောင်စီတိုက်လေယာဉ်(၄)စီးက ဗုံးကြဲပစ်ခတ်ခဲ့သလို ဇန်နဝါရီ(၇)ရက်နေ့ကလည်း မဲသူကျေးရွာအုပ်စု လယ်ထူဖိုးဒေသနဲ့ ယာဂီထာဈေးထဲကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ (၇)ရက်နေ့အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၆)ဦးသေဆုံးခဲ့ရပြီး ဆေးရုံတစ်ရုံအပါအဝင် အဆောက်အဦး(၇)လုံး ပျက်စီးခဲ့ရကာ လက်ရှိအချိန်မှာလည်း ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုများစွာနဲ့ နေထိုင်ရတယ်လို့ တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ထားချက်ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – KHRG