ဖရူဆို – ဇန်နဝါရီ(၁၃)
ကယားပြည်နယ် ဖရူဆိုမြို့နယ်က နန်းဖဲ – ဘောလခဲ နဲ့ ထူးချောင်းလမ်းတွေကို အသုံးပြုပြီး ခရီးသွားလာတာနဲ့ ကူးသန်းရောင်းဝယ် တာတွေမလုပ်ဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် KNDF က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၂) ရက်နေ့စပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမှာဖြစ်တယ်လို့ KNDF တပ်ရင်း- ၁၆ က သတင်းထုတ်ပြန်ထားတာပါ။
စစ်ကောင်စီက အဲဒီလမ်းတွေကို ရိက္ခာနဲ့ လူအင်အားဖြည့်တင်းဖို့ အသုံးပြုတာတွေ ရှိနေပြီး ဒေသခံ မဟုတ်တဲ့ အလုပ်သမားပို့တဲ့ကားတွေ အသုံးပြုနေတာကြောင့် လမ်းကို ပိတ်ထား လိုက်တာ ဖြစ်တယ်လို့ KNDF သတင်းပြန်ကြားရေးတာဝန်ခံ ကိုဖြိုးက ဆိုပါတယ်။
” နန်းဖဲလမ်းမကြီးက လုံးဝတိုက်ပွဲတွေဖြစ်ထားတာ၊ လုံးဝသွားလာလို့မရတဲ့ နေရာ။ကြာပြီပေါ့ နော်။ဘယ်သူမှလဲ သွားလာတာမရှိဘူး။ဒေသခံတွေလည်း မသွားလာကြဘူး။ဒီဘက်ကိုခုနပြော တဲ့ဒေသခံတွေလဲမဟုတ်တဲ့ တခြားဒီ မော်ချီးတို့ဘာတို့ဘက်က အလုပ်သမားပို့တဲ့ကားတွေ မှောင်ခိုပုံစံမျိုးနဲ့ပေါ့နော် ရောက်လာကြတယ်” လို့ KNDF သတင်းပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် အဲဒီလို မှောင်ခိုကားတွေ စစ်ဆေးတွေ့ရှိနေရတဲ့အတွက်ကြောင့် ပြည်သူတွေ ဒီလမ်းကို အသုံးမပြုကြဖို့ အသိပေးစာ ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီက လွိုင်ကော် နဲ့ ဒီးမော့ဆိုကြားက ခြောက်မိုင်ကုန်းကို စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ကြောင်းထိုးနေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှု တွေရှိနေတယ်လို့ သိရပါတယ်။
ကယားပြည်နယ်ထဲက ပြည်ထောင်စုလမ်းမကြီး လွိုင်ကော်-မော်ချီးလမ်းနဲ့ တခြားလမ်းတွေကို စစ်ကောင်စီက ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့အတွက် အသုံးပြုနေတာကြောင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက စစ်ဆေးမှုတွေ တင်းကျပ်ထားတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ (၂၂) လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ဖယ်ခုံနဲ့ ကယား ပြည်နယ်အတွင်းမှာ တိုက်ပွဲပေါင်း (၅၄၅) ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့ ကရင်နီပြည်သူ့ အင်အားစု PKPF က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်