ထားဝယ်၊ ဇန်နဝါရီ(၁၄)
တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံး တာတွေရှိခဲ့ပြီး စစ်ကောင်စီဘက်ကအထိနာခဲ့တယ်လို့ ဥသြစစ်ကြောင်း(ထားဝယ်မြို့နယ်)ပြန်ကြား ရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ပခပ်တံတားအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်၊ ထားဝယ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းတွေကို ဥသြစစ်ကြောင်းကနေ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂၀ ဦးထက်မနည်းသေဆုံးခဲ့သလို ဥသြစစ်ကြောင်းဘက်က ဒုစစ်ကြောင်းမှူး ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဥသြစစ်ကြောင်း(ထားဝယ်မြို့နယ်)ပြန်ကြားရေးတာဝန်ခံကတော့ အဲဒီတိုက်ပွဲပြီးနောက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေသလို စစ်ကောင်စီတပ်က ကင်းပုန်းတွေပိုချလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ပြောပါတယ်။
ဒါကြောင့် တိုက်ပွဲတွေထပ်မံဖြစ်ပွားလာပါက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ လူသားဒိုင်းအဖြစ် အသုံးချမခံရဖို့ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်းတွေမှာ စစ်ဘေးမရှောင်ကြဖို့ တိုက်တွန်းတာပါ။
ထားဝယ်အရှေ့တောဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ထားဝယ်-ထီးခီးလမ်းပိုင်းကလည်း တိုက်ပွဲတွေကြောင့် မကြာခဏလမ်းပိတ်တာနဲ့ သွားလာခွင့် ကန့်သတ်ခံနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်