မော်လမြိုင် – ဇန်နဝါရီ(၁၂)

အာဏာသိမ်းစစ်ကောင်စီက အိန္ဒိယ – မြန်မာနယ်စပ် ထန်တလန်မြို့နယ်ထဲက ချင်းအမျိုးသား တပ်ဦး(CNF) ဌာနချုပ်ရှိတဲ့ ဗစ်တိုးရီးယားစခန်းကို လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက် တာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့လေပိုင်နက်ကျူးလွန်အသုံးပြုခဲ့တဲ့အတွက် အရေးယူပေးဖို့ NUG က တိုက်တွန်းခဲ့ပါတယ်။

မြန်မာပြည်သူတွေကို အိမ်နီးချင်းနိုင်ငံရေးအနေနဲ့ မိမိတို့လေပိုင်နက်ကို ကျော်လွန်အသုံးပြုပြီး သတ်ဖြတ်နေတဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု ကိုပါ ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာ အရေးယူဖို့ NUG က တောင်းဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၀) ရက်နေ့ ညနေပိုင်းက စပြီး စစ်ကောင်စီက CNF ဌာနချုပ်ရှိရာ ဗစ်တိုးရီးယား စခန်းကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် CNF တပ်ဖွဲ့ဝင် (၅) ဦးကျဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူတွေ၊လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီက CNF ဌာနချုပ်ကို တိုက်လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ချိန်မှာ အိန္ဒိယ နိုင်ငံ နယ်နိမိတ်အတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့တာရှိတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုးထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ် သလို မြန်မာ့အရေးပြေလည်စေဖို့ ကူညီဆောင်ရွက်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကြိုးစား အားထုတ်မှုတွေကို လျစ်လျူရှုနေတာဖြစ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့ အရေး ဖြေရှင်းဖို့ NUG၊CRPH၊NUCC တို့အပါအဝင် ပြည်သူကို ကိုယ်စားပြုတဲ့ တော်လှန်ရေး အင်အား စုတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်နဲ့ မကွေးတိုင်းတို့ကို လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားပြည်သူ သေဆုံး မှုတွေ ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ(၄၆၀) ကျော်သေဆုံးခဲ့ကာ အဲဒီထဲမှာ အရပ်သားပြည်သူ၊ ကလေးသူငယ်တွေ အများဆုံးပါဝင်နေတယ်လို့ သိရပါတယ်။

NUG အနေနဲ့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့ကြရတဲ့ တိုင်းရင်းသား ပြည်သူတွေအတွက် တရားမျှတမှု ပြန်လည်ရရှိနိုင်ဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ အညီဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.