ရန်ကုန်၊ ဇန်နဝါရီ(၁၃)
အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ တာဝန်ယူဦး ဆောင်မယ့်အပေါ် မြန်မာ့အရေးဟာ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လာနိုင်ပေမယ့် စောင့်ကြည့်ရဦးမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူ ထားတဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးကို ဖွဲ့စည်းသွားမှာဖြစ်ပြီး ကိုယ်တိုင်ဦးဆောင်မယ်လို့ ရက်နိုမာဆူဒီက နှစ်ပတ်လည်မိန့်ခွန်းအဖြစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဖနွမ်းပင်မြို့မှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေအတိုင်း အင်ဒိုနီးရှားက လုပ်ဆောင်မှာဖြစ်ပြီး မြန်မာ့ပြဿနာဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ စေ့စပ်ဆွေးနွေးသွားမယ်လို့ ရက်နိုမာဆူဒီက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဆီယံမှာ ကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှားပါဝင်လာတာဟာ မြန်မာ့အရေးအတွက် တွန်းတွန်းတိုက်တိုက်လုပ်ဆောင်နိုင်ပေမယ့် စားပွဲဝိုင်းဆွေး နွေးပွဲတွေအထိ ရောက်နိုင်ဖွယ်မရှိဘူးလို့ သုံးသပ်ပါတယ်။
“အာဆီယံမှာ ကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှားနိုင်ငံပါဝင်လာတာဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အာဆီယံဘက်က မှန်ကန်တဲ့သဘောထားရှိတဲ့ အင်အားစုတွေအနေနဲ့ အခွင့်အလမ်းကောင်းတွေ ရလာတာဖြစ်တဲ့အတွက် မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ သူတို့ တွန်းတွန်းတိုက်တိုက်တော့ လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အရေးကြီးတဲ့အချက်တွေမှာတော့ စစ်ကောင်စီက လိုက်လျောနိုင်စရာမရှိပါဘူး။ အရေးကြီးတဲ့အချက်တွေဆိုတာ မြန်မာပြည်မှာလုပ်နေတဲ့ အကြမ်းဖက်လုပ်ငန်းတွေ ရပ်တန့်ဖို့ဆိုတဲ့ကိစ္စမျိုးတွေ၊ နောက်ပြီးတော့ စားပွဲဝိုင်းဆွေးနွေးပွဲတွေ ဖြစ်ဖို့ကိစ္စတွေအထိတော့ ရောက်ရှိလာနိုင်ဖွယ်မရှိဘူးလို့ သုံးသပ်ပါတယ်”လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အကြိမ် (၄၀) မြောက်နဲ့ (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက ကတိကဝတ်တွေကိုလိုက်နာဖို့လိုကြောင်း အာဆီယံခေါင်းဆောင်တွေက သတိပေးခဲ့ပါသေးတယ်။
ဒါ့အပြင် အာဆီယံထိပ်သီးအစည်းအဝေးကနေ အာဆီယံဘုံသဘောတူညီချက်(၅) ရပ်ကို ပြန်လည်သုံးသပ်ပြီး အချက် ၁၀ ချက်ကို ထပ်မံဖြည့်သွင်းကာ အချက် (၁၅) ချက်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီထဲက ဘုံသဘောတူညီချက် (၅) ရပ်ကို ပံ့ပိုးဖို့ တိကျတဲ့ အချိန်ဇယားနဲ့ လက်တွေ့ကျကျ တိုင်းတာနိုင်တဲ့ ညွှန်းကိန်းတွေကို ဖော်ပြထားမယ့် အကောင်အထည်ဖော်မှုအစီအစဉ်တစ်ခုကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ရေးဆွဲရမယ်လို့ ဆုံးဖြတ်ထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကလည်း ဘုံသဘောတူညီချက်ကို တိကျတဲ့ အချိန်ဇယားတွေဖော်ပြမယ့် အကောင်အထည်ဖော်မှု အစီအစဉ်တွေရေးဆွဲသဘောတူညီပြီးမှသာ မြန်မာစစ်အစိုးရအနေနဲ့ လိုက်နာမှု ရှိ၊ မရှိ ထပ်မံစောင့်ကြည့်ရမယ်လို့ ထောက်ပြပါတယ်။
“ဘုံသဘောတူညီချက်ကို တိကျတဲ့တိုင်းထွာချက်ညွှန်းကိန်းတွေနဲ့ ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်မယ်ဆိုတဲ့ အစီအစဉ် သူတို့ (အာဆီယံ)ထွက်လာဖို့လိုတယ်။ အဲဒါ သူတို့ဝန်ကြီးဌာနနဲ့ ဥက္ကဌဦးဆောင်မှုနဲ့ ရေးဆွဲကြမယ့် သဘောရှိတယ်။ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သူတို့ ရေးဆွဲကြမယ့် သဘောရှိတယ်။ အဲဒီအစီအစဉ်ရေးဆွဲမှုမှာ အငြင်းပွားစရာတွေနဲ့ ငြင်းခုန်စရာတွေ ရှိဦးမယ်လို့ ထင်တယ်။ အဲဒါပြီးတော့ အားလုံးသဘောတူညီမှ အစီအစဉ်ထွက်လာပြီးတော့မှ တကယ့်အစီအစဉ် အကောင်အထည်ဖော်တဲ့အချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ လိုက်နာမယ်၊ မလိုက်နာဘူးဆိုတဲ့ဟာ ကျွန်တော်တို့ ထပ်ကြည့်ရမှာပေါ့။ အဲဒီတော့ ကြားထဲမှာ အဆင့်တစ်ခု ကျန်နေသေးတဲ့ သဘောရှိတယ်”လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့တဲ့ အာဆီယံထိပ်ပိုင်းခေါင်းဆောင် အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပါတယ်။
အဲဒီ ဘုံသဘောတူညီချက် ၅ ရပ်မှာတော့ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြေရှင်းမှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်း စာနာအထောက်အထားမှု အကူအညီတွေ ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် အာဆီယံထိပ်သီး ခေါင်းဆောင်တွေ အရှေ့မှာ သဘောတူထားတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပေမယ့် အာ ဏာသိမ်းကာလ ၂ နှစ်နီးပါးပြည့်တဲ့အထိ ဘုံသဘောတူညီချက်တွေကို ဘာတစ်ခုမှ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်