ရန်ကုန်၊ ဇန်နဝါရီ (၁၃)
ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက် ဘူတာရုံမှတ်တိုင်အနီးက မိုးရေသန့်စက်ရုံမှာ စက်ရုံသုံးအမိုးနီးယားဓာတ်ငွေ့အိုး ပေါက်ကွဲကာ ဓာတ်ငွေ့တွေဟာ အနီးရှိတပ်မတော်ချည်မျှင်ဝင်းနဲ့ ရပ်ကွက်တွေဆီကို လေထုထဲကနေ ပြန့်ကြဲရောက်ရှိပြီး ရက်ကွပ်နေပြည်သူတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လာလို့ လူနာတင်ကားတွေနဲ့ အရေးပေါ်ဌာနကို ပို့ဆောင်ပေးနေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ဖြစ်တာက ည ၈နာရီလောက်က စဖြစ်နေတာ။ အနံ့ကရနေတယ်။ ဒါပေမဲ့ မိလ္လာနံ့ပဲထင်နေတာ။ ည ၉နာရီလောက်မှ မျက်စိတွေစပ်ပြီး အသက်ရှုကြပ်လာတာက တစ်အိမ်ပြီး တစ်အိမ်ဆက်တိုက်ဖြစ်လာမှ ဂက်စ်အိုးပေါက်တာမှန်းသိတော့တာ။အခု လူနာတင် ကား ၁၅စီးလောက် လူနာတွေ လာခေါ် သွားပြီ”လို့ (၁၆)ရပ်ကွက် ဦးအေး (၁)လမ်းနေသူ တစ်ဦးကပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာဟာ လူနေထူထပ်တဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး ပါရမီစိန်ဂေဟာ ဈေးဝယ်စင်တာ၊ ပါရမီကွန်ဒို၊ပုဂ္ဂလိကဘဏ်တွေနဲ့ အခြေခံပညာကျောင်းတွေအပါအဝင် စီးပွားရေးအဆောက်အအုံတွေ များစွာရှိတဲ့ လူသိများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
“ဓာတ်ငွေ့အနံ့တွေက လှည်းတန်းအထိရောက်တယ်။ လှိုင်ဖေ့ဘွတ်ဂရုတွေထဲမှာလည်း အကူအညီတောင်းတာတွေ တော်တော်တက်လာတယ်။ပရဟိတအဖွဲ့တွေက ကားတွေလည်း လှိုင်ဘက်တော်တော်သွား နေကြပြီ”လို့ လှည်းတန်းမြို့နယ်နေသူတစ်ဦးက ဆိုပါတယ်။
အဲဒီဖြစ်စဉ်အတွင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အုပ်ချုပ်မှုယာဉ်၊ မီးသတ်ယာဉ်တွေ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တွေနဲ့သွားရောက်ကူညီလုပ်ဆောင်ခဲ့ပြီး ည ၁၀နာရီ ၄၇မိနစ်မှာ ဓာတ်ငွေ့ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့တယ်လို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီရေသန့်စက်ရုံနဲ့ လှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတို့က ဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုမှု မရှိသေးပါဘူး။
အခုအချိန်အထိ လူအသေအပျောက်စာရင်းနဲ့ လူနာစာရင်းကို အတည်မပြုနိုင်သေးလို့ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်