မော်လမြိုင်၊ ဇန်နဝါရီ(၁၃)
ပြည်တွင်းရွှေဈေးဟာ အခုရက်ပိုင်းအတွင်း မီးလင်းအခေါက်ရွှေ (၁)ကျပ်သားကို ကျပ်(၂၇)သိန်း ဝန်း ကျင်ကနေ ကျပ် (၂၈)သိန်းခွဲနီးပါးအထိ ဈေးနှုန်းပြန်လည်မြင့်တက်လာပြီးနောက် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေး တဖြည်းဖြည်း ပြန်လည်မြင့်တက်လာမှုနဲ့အတူ ရွှေလုပ်ကွက်တွေမှာ ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်နေတာကြောင့် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်ဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရွှေတစ်အောင်စကို အမေရိကန် ဒေါ်လာ(၁၈၂၀) ဝန်း ကျင်သာရှိရာကနေ ဇန်နဝါရီလ (၁၂) ရက်နေ့မှာတော့ ဒေါ်လာ(၁၈၈၄) ဝန်းကျင်ထိ ဖြစ်ပေါ်နေပြီး ဈေးနှုန်းတွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲနေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းတွေ မြင့်တက်လာရတာဟာ ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့ အမေရိကန်မှာ အလုပ် လက်မဲ့ဖြစ်မှုနှုန်း မြင့်မားကာ ရွှေဈေးကွက်မှာ ဈေးကစားလာကြတာကြောင့်ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အခုက ကမ္ဘာ့ရွှေဈေးကြောင့် မို့လို့ဖြစ်တာ။ ကမ္ဘာ့နိုင်ငံရေး အခြေအနေကြောင့်တက်တာ။ ပြီးတော့ အဓိကအကြောင်းအရင်း ကတော့ အမေရိကန်မှာ အလုပ်လက်မဲ့လူဦးရေများလာတဲ့ အခါကျတော့ သူတို့ကဒီစတော့ဈေးကွက်ကို ကစားကြတာပေါ့နော်။ ရွှေအပါအဝင်ပေါ့လေ။ အလုပ်လက်မဲ့များတဲ့ သူတွေကလည်း ရွှေဝယ်တယ်။ အတက်အကျပေါ်မှာ အကျိုးအမြတ်ရှာပြီး ကစား တယ်။ အဲဒီဟာမှာ ရွှေဝယ်လိုအားက ကမ္ဘာမှာတော့ သူတို့ မြင့်ပြီးတဲ့အခါကျတော့ ကမ္ဘာ့ရွှေဈေးက အဲဒီလိုမျိုးတက်လာတာ။ ဒါပေမယ့် ဈေးကွက်ထဲမှာကျတော့ အရောင်းအဝယ်ကအေးတယ်။ လူတွေက တစ်ခေါက်တက်ပြီးတော့ ဝုန်းဆိုချက်ချင်းထိုး ကျသွားလို့ ရှိရင် ဒါအဆင်မပြေဘူး။ ဝယ်ရင်သာ ပေါက်ဈေးပေးပြီးတော့ ရောင်းရင်ကျတော့ ဒီလိုအတက်ကြမ်းတဲ့ကာလဆို အရောင်းအဝယ်က ဈေးခွာတယ်လေ။ ဈေးအရမ်းခွာတဲ့ အခါကျတော့ လူတွေက ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ရှုံးတာပေါ့။ ဝယ်ရှုံး ရောင်းရှုံးပေါ့။ အဲဒီအခါကျတော့ သူတို့ကနည်းနည်း လူတွေကနားလည်လာကြပြီးဆိုတော့ သိပ်ပြီးတော့ အဝယ်မရှိဘူး”လို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်တွင်းရွှေဈေးနှုန်းတည်ငြိမ်မှုမရှိဘဲ မြင့်တက်နေတာကြောင့် ရွှေဆိုင်တချို့ အရောင်း အဝယ်တွေ ရပ်နားထားတာရှိသလို ရွှေဝယ်စုဆောင်းသူတွေလည်း မရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကတော့ ရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်တာကြောင့်ဖြစ်သလို ပြည်တွင်းရွှေလုပ်ကွက်တွေမှာလည်း ရွှေထုတ်လုပ်ဖို့ စရိတ်ကြီးမြင့်လာတာအပြင် သယ်ယူရအခက်အခဲရှိတာကြောင့် ရွှေမထုတ်နိုင်ဘဲ ဈေးနှုန်းပိုမိုမြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
“အခုက ကမ္ဘာ့ဈေးနှုန်းက တောက်လျှောက်ကို ပြန်တက်နေတယ်။ ကမ္ဘာ့ရွှေဈေးတက်လို့ အရောင်းအ ဝယ်မရှိပါဘူး ဈေးကွက်မှာ။ ရွှေတွင်းက ရွှေထွက်ပြီးပေါ့။ ဒါပေမယ့် စရိတ်စကနည်းနည်းများလို့ရယ်၊ လမ်းကြောင်းတွေ မကောင်းကြသေးဘူး။ သယ်ယူဖို့လမ်းကြောင်းတွေ မကောင်းကြသေးဘူး။ ဒီဟာကတော့ ကမ္ဘာ့ဈေးတက်ရင် အနည်းအကျဉ်းတက်မယ်။ ပြည်တွင်းဒေါ်လာဈေး တက်ရင် အနည်းအ ကျဉ်းတက်မယ်။ နောက်ချက်ချင်းပြန်ကျသွားတာပါပဲ။ တက်လိုက်၊ ကျလိုက် ဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းကတော့ လက်ရှိရွှေဈေးနှုန်းအမှန်မှာ (၂၇)သိန်း အောက်သာရှိပြီး ကောလဟာလအမျိုးမျိုးကြောင့် ပြင်ပရွှေရောင်းဝယ်သူတွေက ဈေးကစားပြီး ရွှေဈေးနှုန်းကို ဆွဲတင်၊ ဆွဲချပြုလုပ်နေတာကြောင့် စစ်ကောင်စီဌာနဆိုင်ရာတွေက စုံစမ်းစစ်ဆေးပြီး အရေးယူဆောင် ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဈေးကစားသူတွေအနေနဲ့ ကောလာဟာလမလွှင့်ကျဖို့နဲ့ ဈေးကစားခြင်းမပြုလုပ်ဖို့ ပန်ကြားထားသလို ဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှု မဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ နောက်ဆုံးပတ်က ဒေါ်လာဈေးနှုန်း အဆမတန်မြင့်တက်ပြီး တစ်ဒေါ်လာကို ကျပ် (၄၅၀၀) ဝန်းကျင်ထိ ဖြစ်ပေါ်ခဲ့စဉ်က မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်(၃၅)သိန်းဝန်းကျင်ထိ စံချိန်တင်မြင့်တက်ခဲ့ဖူးတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အာဏာမသိမ်းခင် NLD အစိုးရလက်ထက်တုန်းက မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် (၁၃)သိန်း ဝန်းကျင်သာရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေဈေးနှုန်း (၃)ဆ နီးပါးထိ မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပေါ်တာပါ။
သတင်း – သံလွင်တိုင်းမ်