ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ(၁၃)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးသလို လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်လိုအပ်နေဆဲဖြစ်တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေထံကနေ သိရပါတယ်။

အခုနှစ်စပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း KNLA မဟာမိတ်တပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဒေသခံဦးရေထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။

လက်ရှိကောက်ယူနေဆဲ့ စာရင်းအချက်အလက်ရ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ(၃၀၀၀)ကျော်ခန့်ဟာ အခုအချိန်ထိ နေအိမ်မပြန်ရဲသေးကြောင်းနဲ့ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ စောင်တွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ရှောင်အရေးကူညီပေးနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

ဒေသခံတွေဟာ စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားနေတာကြောင့် နေရပ်ပြန်ဖို့စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

နေရပ်မပြန်ရသေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဝင်းရေးမြို့နယ် KYO လူငယ်နဲ့ ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်တို့ ပူးပေါင်းပြီး လူသားချင်းစာနာမှုအကူအညီတွေကို သွား ရောက်ပို့ဆောင်ပေးခဲ့ပေမယ့် အခြေခံစားနပ်ရိက္ခာနဲ့ အိုးခွက်ပစ္စည်းတချို့ လိုအပ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

အခုနှစ် (၂၀၂၃)ခုနှစ် အစောပိုင်းကာလနဲ့ (၂၀၂၂)ခုနှစ် ဒီဇင်ဘာလလယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွေဖြစ်ကြတဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့အနီးနဲ့ ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာတွေအတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုမိုလှုပ်ဆောင်လာလို့ တိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်ဦးရေဟာ သောင်းချီတိုးလာကာ အခက်အခဲအများကြီး ကြုံတွေ့နေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.