ဖားကန့်၊ ဇန်နဝါရီ(၁၂)

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ တစ်နှစ်တာအတွင်း အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ဌာနချုပ်တွေနဲ့ တပ်စခန်းနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၉) ထဲက တပ်ရင်းနှစ်ခုရှိ တပ်စခန်းတွေအပါအဝင် တနိုင်းမြို့နယ်ရှိ KIA တပ်မဟာ (၂) ဌာနချုပ်နဲ့ တပ်ရင်း (၁၄) က တပ်စခန်းတွေကို စစ်ကောင်စီတပ်က လေ ယာဉ်သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်မှာလည်း ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ဝိတိုရိယဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်ငါးဦးကျဆုံးခဲ့ရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အကြမ်းဖက်မှုတွေနဲ့ လက်နက်ကိုင်တိုက် ခိုက်မှုတွေကို လျှော့ချရပ်တန့်ကြဖို့လိုအပ်နေပြီလို့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကချင်ပြည် နယ်နေ့ သဝဏ်လွှာမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင်ရဲ့ပြောဆိုမှုနဲ့ အပစ်ခတ်ရပ်စဲရေးကြေညာချက်တွေဟာ စေတနာမမှန်သလို အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေတယ်လို့ ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက ဝေဖန်လိုက်ပါတယ်။

“ဒါကို ခြုံပြီးပြောရရင် သိပ်ပြီးတော့ စေတနာမမှန်ဘူးပေါ့။ သူတို့က (စကစ) အပြောတစ်မျိုး၊ အလုပ်တစ်မျိုး စေတနာမမှန်ဘူး။ ကတိမတည်ဘူး။ ကတိအတိုင်းမလုပ်ဘူး။ နိုင်မယ်ထင်ရင် နိုင်သလို၊ အ ကွက်ရရင် အကွက်ရသလို အမြဲတမ်း လုပ်တတ်တယ်။ ဆိုတော့ အဲဒါမျိုးကို EAO တွေဘက်က သတိနဲ့ နေဖို့ လိုတာပေါ့။ ကျားတွေက အသားမစားပါဘူးလို့ပြောသလို ကျွန်တော်တို့က ဒါကိုယုံလို့ ရဘူးလေ။သူ့အကျင့်စရိုက်နဲ့ သူ့ရဲ့ လက်ရှိအခြေအနေနဲ့ သူတို့မြန်မာစစ်တပ်ရဲ့ လုပ်ပုံလုပ်နည်းတွေက ဘယ်သောအခါမှ သဘောထားကြီးကြီးနဲ့ EAO တွေအပေါ် ဆက်ဆံတာမဟုတ်ဘူး။ သူတို့အနိုင်ရရှိရေးအတွက်ပဲ ငြိမ်းချမ်းရေးတို့ ၊ အပစ်ခတ်ရပ်စဲရေးတို့ ဆွေးနွေးပွဲတွေ အသံကောင်းဟစ်ထားပေမယ့် တကယ်တမ်းလက်တွေ့မှာ ဒါတွေဟာ အပေါ်ယံလုပ်ဆောင်မှုတွေသာ ဖြစ်တယ်။ တကယ့်အဖြေကို ရနိုင်တဲ့ အခြေအနေလည်း မရှိဘူး။ ရနိုင်အောင်လည်း မဆွေးနွေးဘူးပေါ့”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဌာနချုပ်စခန်းတွေကို ဗုံးကြဲတာဟာ ထိပ်ပိုင်းခေါင်းဆောင်တွေ ကျဆုံးအောင်လုပ်နိုင်မယ်ဆိုရင် အဖွဲ့အစည်းတွင်း အင်အားနည်းသွားမယ်လို့ စစ်ကောင်စီကတွက်ချက်ပြီး ဗုံးကြဲတဲ့သဘောဖြစ်တယ်လို့လည်း ဦးဖေသန်းက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်တွေအပြင် နိုင်ငံတော်အစိုးရရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာယန္တရားတွေကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်ကလွဲရင် စစ်ရေးလှုပ် ရှားမှုတွေကို ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။

CDM လေတပ် ဗိုလ်ကြီးဇေသူအောင်ကတော့ စစ်ကောင်စီရဲ့ အပစ်ခတ်ရပ်စဲရေးကြေညာမှုဟာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေသလို တစ်ဖက်မှာတော့ မဆွေးနွေးတဲ့အဖွဲ့တွေကို ဖိအားပေးတိုက်ခိုက်တာလို့ ဝေဖန်ပါတယ်။

“စစ်ကောင်စီက အပစ်ခတ်ရပ်တယ်ဆိုပြီး ကြေညာတာက နိုင်ငံတကာဖိအားကို လျှော့ချင်လို့မဟုတ်ဘူး။ သူ့ (စကစ)အနေနဲ့ တိုင်းရင်းသားတွေနဲ့ (EAO/ERO) အပစ်ခတ်ရပ်နိုင်ဖို့ ဆွေးနွေးနေတယ်၊ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို လုပ်နေတယ်ဆိုပြီးမှ သူက ပြောတယ်။ သူနဲ့ Align (ညှိနေတဲ့) ဖြစ်တဲ့အဖွဲ့တွေကိုလည်း နေပြည်တော်လိုနေရာမျိုးမှာခေါ်ပြီး တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးနေတယ်ဆိုပြီး ပြတယ်။ နောက်တစ်ဖက်မှာ သူနဲ့မညှိတဲ့အဖွဲ့တွေကို ဗုံးကြဲတယ်၊ ဖိအားပေးတာပေါ့။တိုက်ခိုက်တယ်။ အဲဒါမျိုးတွေလုပ်တယ်လို့ ကျွန်တော်ကယူဆပါတယ်”လို့ သူကဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့တို့ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေ ၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကျောင်းသားတပ်မတော် (ABSDF) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကတော့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာပါ။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ကတော့ လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှုဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး တစ်ဖက်မှာ ၂၀၂၃ နှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ဖော်ပြောဆိုချက်ဟာ အလိမ်အညာသက်သက်သာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) က ပြောခွင့်ရသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.