လွိုင်ကော်၊ ဇန်နဝါရီ(၁၂)
ကယားပြည်နယ်၊ လွိုင်ကော်လေဆိပ်ကို ပြေးဆွဲနေတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေဟာ ဇန်နဝါရီ ၄ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တယ်လို့ လေကြောင်းလိုင်းတွေကနေ သိရပါတယ်။
လွိုင်ကော်လေဆိပ်ကိုတော့ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နဲ့ Air KBZ လေကြောင်းလိုင်းတွေ ပြေးဆွဲခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပြေးဆွဲမှုတွေကို လတ်တလော လုံခြုံရေးအခြေအနေကြောင့် ရပ်နားလိုက်တာဖြစ်ကြောင်းနဲ့ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ တိတိကျကျပြောမရသေးဘူးလို့ Air KBZ လက်မှတ်အရောင်းဌာနက သံလွင်တိုင်မ်းကို ပြောပါတယ်။
လေယာဉ်ပြေးဆွဲမှု ရပ်နားသွားတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က လွိုင်ကော်လေဆိပ် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတာကြောင့်ဖြစ်နိုင်တယ်လို့ မြို့ခံတွေကသုံးသပ်တာပါ။
လေဆိပ်ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုဖြစ်စဉ်မှာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်ခဲ့ပါဘူး။ ဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ သီးခြားအတည်မပြုနိင်သေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ရန်ကုန်-လွိုင်ကော် ပြေးဆွဲနေတဲ့ မြန်မာ့အမျိုးသား လေ ကြောင်းလိုင်း(NMA) ပိုင် လေယာဉ်တစ်စီးပစ်ခတ်ခံရပြီးနောက် NMA က လေယာဉ်ပြေးဆွဲမှု ရပ်နားထားတာဖြစ်ပြီး အခုအခါမှာတော့ Air KBZ လေကြောင်းလိုင်းကပါ ပြေးဆွဲမှုရပ်နားခဲ့တာပါ။
လွိုင်ကော်လေဆိပ်မှာတော့ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) က လွိုင်ကော်- ရန်ကုန်၊ လွိုင်ကော်- မန္တလေး ပြေးဆွဲခဲ့တာ ဖြစ်ပြီးAir KBZ လေကြောင်းလိုင်းက ရန်ကုန်-လွိုင်ကော် ပြေးဆွဲနေတာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ